မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ အလုပ်ထုတ်ခံထားရတဲ့ လုပ်သားတွေကို လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပြုလိုက်တယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
အဲဒီစက်ရုံက တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းမူတွေ လုပ်ပြီးတဲ့နောက် လုပ်ငန်းခွင်ပြန်ဝင်ခွင့်ပြုဖို့ သဘောတူညီချက်ရရှိခဲ့တာလို့ ဆိုပါတယ်။
အလုပ်ထုတ်ခံထားရတဲ့ လုပ်သားတဦးက "အလုပ်ထုတ်ခံထားရတဲ့ ၂၆ ယောက်မှာ ၉ ယောက်က လျော်ကြေးယူလိုက်တယ်။ ကျန်အလုပ်သမားတွေက လုပ်ငန်းခွင်ပြန်ဝင်ဖို့ ဆုံးဖြတ်တယ်။ စက်ရုံက အသစ်ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းခွင်စည်းကမ်းချက်တွေကို သဘောတူရင် ပြန်ဝင်နိုင်တယ်ဆိုပြီး ပြောတယ်" လို့ ပြောပါတယ်။
အဲဒီအလုပ်သမား ၁၇ ဦးဟာ ဇန်နဝါရီ ၂ ရက်နေ့ လုပ်ငန်းခွင်ပြန်ဝင်ကြမှာဖြစ်ပြီး စက်ရုံစည်းကမ်းချက်တွေကိုတော့ အဲဒီနေ့မှ သိရမယ်လို့ ဆိုပါတယ်။
မြန်မာပေါင်ချိန်စက်ရုံဟာ adidas အမှတ်တံဆိပ်ဖိနပ်တွေကို ချုပ်လုပ်နေတာဖြစ်ပြီး အဲဒီအလုပ်သမားတွေကို အလုပ်ထုတ်မူအပါအဝင် လုပ်ငန်းခွင်အတွင်း ဖိနှိပ်မူတွေနဲ့ပတ်သက်လို့ ဝေဖန်ခံနေရတဲ့ စက်ရုံဖြစ်ပါတယ်။
အောက်တိုဘာလကုန်ပိုင်းက စက်ရုံလုပ်သားတချို့က အနည်းဆုံးအခကြေးငွေ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အဲဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်သမား ၂၆ ဦးကို ခွင့်မဲ့ပျက်ကွက်လို့ဆိုကာ အလုပ်ကထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့ adidas ကုမ္ပဏီက ကြားဝင်ညှိနှိုင်းပေးခဲ့တာကြောင့် စက်ရုံဘက်က ပြန်လက်ခံတာလို့လည်း သိရပါတယ်။