မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ပျူစောထီးတွေ နေထိုင်ရာ ပုဏ္ဏားကြီးရွာကို ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြင်ဦးလွင် ခရိုင်(ပ.က.ဖ) အဖွဲ့ထံက သိရပါတယ်။
မနေ့ မနက် ၈ နာရီ ၄၅ မိနစ်က ဗိုလ်လင်းယုန်တပ်ဖွဲ့နဲ့ NINE PDF တို့ပူးပေါင်းကာ အဆိုပါကျေးရွာကို မိနစ် ၂၀ လောက် ကြာအောင် ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ဗိုလ်လင်းယုန်က "စုံစမ်းသိရှိရတာကတော့ အမာခံ ငါးယောက်လောက်ပါပဲ။ ကျန်တာကတော့ ဒီလိုမျိုး အမာခံငါးယောက်လောက်ကနေပြီးတော့ ဖိအားပေးပြီးတော့ လုပ်ခိုင်းထားတယ်လို့ သတင်း ရတာပေါ့။ ခွဲတမ်းချတာကတော့ အဲ့ဒီ အမာခံငါးယောက်လောက်ကပဲ အဓိက ဆက်ကြေး ကောက်တာတွေဘာတွေ လုပ်တာပေါ့။ ကျန်တဲ့ လက်အောက်ငယ်သားတွေကတော့ ကင်းစောင့်ရတဲ့အနေအထားမျိုးလောက်ပါပဲ” လို့ ပြောပါတယ်။
စီးနင်းပြီးနောက် မနေ့က ည ၇ နာရီခွဲလောက်အထိ စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ လာရောက်စစ်ဆေးရှာဖွေခဲ့ပြီး ကျေးရွာအတွင်း တပ်အထိုင်ချကာ ဧရာဝတီမြစ် အနောက်ဘက် ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို တိုက်ခိုက်မှုအတွင်း ပျူစောထီး ၃ ယောက် သေဆုံးကာ တူမီးသေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ရဲဘော် နှစ်ယောက် မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး ဆုတ်ခွာနိုင်ခဲ့ကြောင်းနဲ့ သပိတ်ကျင်းမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်က ပျူစောထီးတွေကို လိုက်လံချေမှုန်းသွားမယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောပါတယ်။