တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးထိမှန်ခဲ့သူ ၁၇ နှစ်အရွယ် မိန်းကလေးတဦး ရန်ကုန်ပြည်သူဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ ပလောက်မြို့အရောက်မှာပဲ လူနာသေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ လူမှုကယ်ဆယ်ရေး ပရဟိတအဖွဲ့ဆီက သိရပါတယ်။
သေဆုံးသူဟာ ညောင်ပင်ကွင်းရွာ အရှေ့ကမ်းမှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် မဇာနီနိုင် ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက် မနက်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဦးခေါင်းမှာ ကျည်ဆန်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လူနာကို မြိတ်မြို့ ၅/၁၀၀ စစ်ဆေးရုံပို့ဆောင်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ရာ ညနေ ၄ နာရီ ၂၀ မိနစ်လောက်က ပလောက်မြို့အရောက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၆ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ကျန်တဲ့ ထိခိုက်လူနာတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးကို ရွှေရောင်နေ့သစ် အထောက်အကူပြုအဖွဲ့က မြိတ်မြို့ ၅/၁ဝဝ စစ်ဆေးရုံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။