စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း ရေဆန်ကျွန်းဘုရားတောင်ခြေရင်းမှာတည်ရှိတဲ့ ကျေးရွာ ၄ ရွာကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ကျီကုန်းကျေးရွာအတွင်းရှိ ထရမ်စဖော်မာက ကြိုးတွေကို လျှပ်စစ်ရုံးဝန်ထမ်းတွေက စစ်ကောင်စီတပ်သား လုံခြုံရေးအင်းအား အပြည့်နဲ့လာရောက် ဖြတ်တောက်သွားတာလို့ ကျီကုန်းကျေးရွာသားတဦးက ပြောပါတယ်။
ကျီကုန်း၊ ချောင်းနီကို၊ ကျောက်ကာနဲ့ နတ်ကြီးကုန်းရွာတွေဟာ စစ်တပ်စခန်းနဲ့ နီးကပ်နေပေမဲ့ ဒေသခံအများစုကတော့ စစ်ကောင်စီကို ထောက်ခံသူတွေ မဟုတ်ဘူးလို့ သိရပြီး စစ်ကောင်စီ ထောက်ခံတဲ့ အင်ဒိုင်းကြီးနဲ့ အင်ဒိုင်းလေးရွာတွေကိုတော့ လျှပ်စစ်မီး ဖြတ်တောက်တာ မရှိဘူးလို့ ဆိုကြပါတယ်။
ကျီကုန်းရွာသူ တယောက်က "မီးက မနေ့ညနေက လာဖြတ်ကြတာ။ အဲဒီအချိန်က စပြီး မီးပြတ်သွားတာပါ။ မီတာကြေးတွေ ပေးကြဖို့ ပြောတယ်။ မီတာကြေးပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ၁၀ ဦး တတွဲစီ တွဲပေးထားတယ်။ သူတို့ မီတာကြေး လာကောက်ရင် ပေးဖို့ အဆင်သင့်ပါပဲ။ ဒါကို ဘာလို့ မီးလာဖြတ်သွားလည်း မသိဘူး" လို့ ပြောပါတယ်။
ရွာ ၄ ရွာကို မီးဖြတ်တောက်မှုနဲ့ပတ်သက်လို့ မြို့နယ်လျှပ်စစ်ရုံးက တာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းခဲ့ရမှာတော့ ခရိုင်လျှပ်စစ်ဌာနကိုသာ မေးမြန်းဖို့နဲ့ မြို့နယ်လျှပ်စစ်ရုံးက သေချာမသိရှိဘူးလို့ ဆိုပါတယ်။