စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းက ခန္တီးမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် တပ်သား တယောက်ကို လက်နက်ရောင်းဝယ်ရာမှာ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီး သွားတယ်လို့ ရဲစခန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့အတူ လူတချို့ဖမ်းဆီးရမိပြီးနောက်မှာ ရဲတပ်သား ယောဟန်ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ခန္တီးမြို့မရဲစခန်းက ရဲတပ်သား တဦးက “မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ခန္တီးမြို့မ ရဲစခန်းက ရဲ ၁ ဦးကို လာဖမ်းတယ်။ ပြီးခဲ့ရက်က ဟုမ္မလင်းမြို့နယ်ထဲမှာ လက်နက်တွေ ဖမ်းမိတာ ရှိတယ်။ အဲဒီကွင်းဆက်ကနေ လာဖမ်းတယ်။ သူက လက်နက်ရောင်းပေးတယ်ဆိုပြီး ဖမ်းသွားတယ်” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက "ဆင်သေရွာကနေ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိတယ်" လို့ ပြောပါတယ်။
လတ်တလော ခန္တီးမြို့က ရပ်ကွက်တွေထဲကို အိမ်ထောင်စုဇယားနဲ့ မိသားစုလူဦးရေ တိုက်ဆိုင် စစ်ဆေးကာ ဧည့်စာရင်းစစ်သလို တအိမ်တက်ဆင်း ဓာတ်ပုံပြပြီး လိုက်လံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ဒါ့အပြင် ခန္တီးမြို့ အဝင်အထွက်၊ ရေလမ်းကုန်လမ်းအဝင်အထွက်တွေကိုလည်း တားဆီးပိတ်ဆို့ စစ်ဆေးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။