မွန်ပြည်နယ်၊ ရေးမြို့နယ်က CDM ကျန်းမာရေးဝန်ထမ်းတွေကို ချေးငွေ ပြန်ပေးဆပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဖိအားပေးနေတယ်လို့ ကျန်းမာရေးဝန်ထမ်းနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက CDM ကျန်းမာရေးဝန်ထမ်းတွေကို ချေးငွေတွေ နှစ်ဆလောက်ကို ပြန်ဆပ်ပေး ရမယ်ဆိုပြီး ဖိအားပေး ခြိမ်းခြောက်ခံနေရတယ်လို့ CDM ကျန်းမာရေးဝန်ထမ်း တယောက်က ပြောပါတယ်။
နောက်ထပ် ကျန်းမာရေးဝန်ထမ်းတဦးက “အခုချိန်က ချေးငွေပြန်ဆပ်ဖို့က အလုပ်တွေလည်း မရှိဘူး။ CDM ဝင်ထားပြန်တော့ တိမ်းရှောင်နေရတဲ့သူတွေလည်း ရှိကြတယ်။ အခုလို ချေးငွေ မပေးသွင်းဘူးဆိုရင် ဝန်ထမ်းဥပဒေနဲ့အညီ အရေးယူတာတွေ၊ စစ်ကောင်စီခန့် ကျန်းမာရေးဦးစီးဌာနဘက်က လုပ်လာမှာကိုလည်း စိုးရိမ်ရတယ်”လို့ ပြောပါတယ်။
အခု ရေးမြို့ပေါ်ကုသရေး ဆေးရုံ ၅ ခုနဲ့ ကျေးလက်ကျန်းမာရေးဌာန ၈ ခုတွေထဲက CDM ကျန်းမာရေးဝန်းထမ်းတွေ ဖိအားပေးခံနေရတာဖြစ်ပြီး အလုပ်ထဲ ပြန်ဝင်ရောက်လုပ်ပါကလည်း မူလရာထူးနေရာကို မပေးဘဲ နယ်ဘက်ကို ပြောင်းရွှေ့ခံရတဲ့သူတွေလည်း ရှိနေခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကျန်းမာရေးဝန်ထမ်းအများစုက CDM ပြုလုပ်ခဲ့ကြကာ ဒီနေ့ အထိ ပြည်သူဆေးရုံဆေးခန်းတွေမှာ ဆရာဝန်နဲ့ ဆေးဝါးတွေလုံလောက်မှု မရှိခဲ့တာကြောင့် ကုသရေးအပိုင်းမှာ ငွေကြေးပိုမိုကုန်ကျများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။