စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ်ထဲက ရွာသုံးရွာကို သုံးရက်ဆက်တိုက် အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ မီးရှို့ ဖျက်ဆီးရာ အငြိမ်းစားဒု-တပ်ကြပ်နေအိမ် အပါအဝင် ရွာသုံးရွာမှ နေအိမ် ၅၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။။
ဒီဇင်ဘာ ၁၄ ၊ ၁၅ ၊ ၁၆ ရက်နေ့တွေမှာ အင်အား ၁၂၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း -၃၆၈ နဲ့ လက်အောက်ခံ ပျူစောထီးတွေဟာ လွှဲဆိပ်၊ လက်ခုပ်ကုန်း၊ ဘော ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဝင်ရောက်ပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကန့်ဘလူခရိုင်-ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့တွေက လွှဲဆိပ်၊ လက်ခုပ်ကုန်း ကျေးရွာတို့အား စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာကြောင့် လွှဲဆိပ်ကျေးရွာမှ နေအိမ် ၄ လုံးနဲ့ လက်ခုပ်ကုန်းကျေးရွာမှ ၃၃ အိမ် မီးလောင်ပြာကျပျက်စီးခဲ့ရပါတယ်။
မီးလောင်ပျက်စီးခဲ့ရတဲ့ အိမ်တွေထဲမှာ လက်ခုပ်ကုန်းရွာမှ အငြိမ်းစား ဒု-တပ်ကြပ် ဦးဘိုသိန်းနေအိမ် ပါဝင်ခဲ့ကြောင်းနဲ့ ဦးဘိုသိန်းက လက်ရှိ ကန့်ဘလူမြို့မှာ ပြန်တမ်းဝင်စစ်မှုထမ်းဟောင်းအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၆ ရက် နေ့ကလည်း ဘောရွာအား ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင် နေအိမ်ပေါင်း ၂၀ ပျက်စီးခဲ့ပြီး ဝါဂွမ်းစက်ရုံတရုံကိုလည်း မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကြောင့် လွှဲဆိပ်၊ ဘော၊ လက်ခုပ်ကုန်း၊ ကျေးတပင် နဲ့ အေးသာယာ ကျေးရွာတွေက ပြည်သူလေးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။