တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံ(မိုင်း) ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက KNLA၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာသားတွေ ထိုင်းနိုင်ငံဘက်သို့ စစ်ရှောင်နေရတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ရတနာပုံ(မိုင်း)ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်သူ ၄၀၀ ကျော်ရှိပြီး ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပကျွပ်ခရိုင်၊ ခေါင်လွဲကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေရသလို တချို့မှာလည်း ရွာအနီးနားက ဘုန်းကြီးကျောင်းတွေနဲ့ ဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက “စစ်ဘေးဒုက္ခသည်တွေ နေထိုင်နေတဲ့ ထိုင်း-မြန်မာနယ်စပ် ခေါင်လွဲရွာထဲကို ပစ္စည်းလှူဖို့သွားတာ အထဲကိုတော့ ဝင်ခွင့်မပေးဘူး။ လမ်းကနေပဲ သူတို့ ဖြတ်ယူထားခဲ့တယ်။ စစ်ရှောင်တွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားတာကြောင့် စစ်ရှောင်တွေရဲ့ အခြေအနေ ဘယ်လိုအနေအထားရှိသလဲဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။
စစ်ရှောင်တွေရဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ်ရောက်သွားတဲ့နောက်ပိုင်း ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်တွေရဲ့ ဖုန်းတွေကို သိမ်းဆည်းထားတာကြောင့် စစ်ရှောင်တွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက “စစ်ရှောင်ပြည်သူတွေက ၄၀၀ ကျော်မဟုတ်ဘူး။ ၁၀၀ ကျော်လောက်ပဲရှိတယ်။ ကျနော်တို့ကနေပြီး သူတို့ကို မရှောင်ကြဖို့ မပြေးကြဖို့ ပြောတယ်။ ရွာသားတွေက စိုးရိမ်စိတ်နဲ့ ပြေးသွား ရှောင်သွားကြတယ်။ ဖြစ်တာကြတော့ ဟိုဘက်ကပစ်လို့ ဒီဘက်က ပစ်ရတာပေါ့။ ကျနော်တို့က ထိုင်းဘက်ကို မတိမ်းရှောင်ဖို့ပြောတယ်။ ထိုင်းနိုင်ငံရောက်ရင် ထိုင်းနိုင်ငံရဲ့ ဥပဒေအရ အရေးယူခံရနိုင်တယ်။ ရှောင်ရင်လည်း ကိုယ့်နေရာဒေသမှာပဲ ရှောင်ဖို့ ပြောကြားထားတာတော့ ရှိတယ်။ အခုတော့ ဘာမှထူးခြားတာတွေ မရှိသေးပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရတနာပုံ(မိုင်း)ရွာက ဒေသခံတွေကို စစ်ကောင်စီတပ်တွေက ရွှေ့ပြောင်းဖို့ ဖိအားပေးတာကြောင့် ဒီဇင်ဘာ ၁၂ ရက်အထိ ထွက်ပြေးတိမ်းရှောင်ရသူတွေ ရှိနေသေးတယ်လို့ နီးစပ်ရာဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက် မနက်ပိုင်းကလည်း KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ရတနာပုံ(မိုင်း)ကျေးရွာအနီးနားမှာရှိတဲ့ စစ်ကောင်စီတပ် နယ်စပ်စခန်းကုန်းတခုကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းမှာ ကော့သောင်းဘက် ဘုတ်ပြင်းမြို့နယ်အခြေစိုက် လေညာတပ်ရင်းကနေ အဲဒီနယ်စပ်စခန်းကုန်းကို လေညာ-ရတနာပုံလမ်းအတိုင်း စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၄ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ် ကားလမ်းပေါ်မှာရှိတဲ့ ဇီးကျရွာနားမှာတော့ စစ်ကားတစီးနဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ KNLA နဲ့ PDF တပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက ဇီးကျရွာ တိုးဂိတ်နားမှာ စစ်ကားတစီး မိုင်းဆွဲခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်မြို့ဘက်ကို မောင်းထွက်သွားတယ်လို့ သိရပြီး ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းမှာတော့ ဇီးကျရွာအလွန် နည်းပညာတက္ကသိုလ်ကျောင်းနားက ဘုရားမဲ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီနေ့ ပစ်ခတ်မှုဖြစ်စဉ်နားမှာ ရှိခဲ့တဲ့ ခရီးသွား တဦးက “ဘုရားမဲဂိတ်ရောက်ခါနီးမှာ ပထမဆုံးပေါက်ကွဲသံအကျယ်ကြီး တချက်ကြားလိုက်ရတယ်။ ပြီးတော့ စစ်သားတွေက ပစ်နေတာ တော်တော်ကြာတယ်။ ကားတောင် ခပ်လှမ်းလှမ်းမှာ ရပ်ထားလိုက်ရတယ် “လို့ ဆို ပါတယ်။
အဲဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်း မထုတ်ပြန်ပါဘူး။