ထိုင်း-မြန်မာနယ်စပ်မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ကျင်းပပါတယ်။
မွေးနေ့ ဆုတောင်းစကားအဖြစ် ဒေါက်တာစင်သီယာမောင်က “မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ။ မိသားစုအားလုံးနဲ့အတူ ကိုယ့်ရပ်ရွာတွေမှာပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်ခွင့်ရကြပါစေ။ ကလေးတိုင်း ပညာသင်ကြားခွင့်ရကြပါစေ”လို့ မေတ္တာပေးပို့ပြောကြားသွားပါတယ်။
ဒီမွေးနေ့ပွဲကို ကျောင်းသားကျောင်းသူတွေ၊ ဆေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တခြားဖိတ်ကြားထားသူတွေ တက်ရောက်လာကြပါတယ်။
ဒေါက်တာစင်သီယာမောင်ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံအပြီး နယ်စပ်ဒေသကို ထွက်ခွာလာခဲ့ပြီး ၁၉၈၉ ခုနှစ်ကစတင်ကာ မဲဆောက်မြို့၊ မယ်တော်အရပ်မှာ ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ၊ မိဘမဲ့ကလေးငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ယနေ့တိုင် ဆေးကုသပေးနေတာဖြစ်ပါတယ်။
ဒေါက်တာ စင်သီယာမောင်ဟာ မဲဆောက်မှာ မိဘမဲ့ ကလေးကျောင်းနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ပရဟိတအဖြစ်ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။
ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်ဟာ ပြည်သူတွေတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုကူညီရေး ဆောင်ရွက်မှုတွေအတွက် အာရှနိုဘယ်လ်ဆုလိုတင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆုအပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်း ၁၈ ဆု ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။