ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာ နယ်မြေကို ဒီဇင်ဘာ ၁ ရက်က ပြန်လည်ရယူပြီး နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးတွေ ပြုလုပ်နေတုန်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့က ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KRU က ထုတ်ပြန်ပါတယ်။
မိုင်းရှင်းလင်းရေး ၃ ရက် မြောက်နေ့မှာ KRU ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အနည်းငယ် ပြင်းထန်ခဲ့ကာ ရဲဘော်တွေကို လုံခြုံတဲ့ အခြေအနေနဲ့ ကျန်းမာရေး စောင့်ရှောက်ပေးထားကြောင်း KRU တာဝန်ခံက ပြောပါတယ်။
“ကျေးရွာအတွင်း မိုင်းရှင်းလင်းရေးတွေလုပ်ရင်း ထိသွားတာပါ။ သုံးယောက်မှာ တယောက်က ဒဏ်ရာအနည်းငယ်ပြင်းထန်ပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး။”
ကုန်းသာကျေးရွာကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစုနဲ့ KGZ Volunteer Army အဖွဲ့တို့ ပူးပေါင်းပြီး မိုင်းရှင်းလင်းတာနဲ့ ပြင်ဆင်မှုတွေ အတူတကွ လုပ်ဆောင်နေပြီး အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် ဒေသခံ တခြားကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ သွားလာမှုမပြုလုပ်ကြဖို့၊ သွားလာဖို့ လိုအပ်ပါက အသိပေးပြီးမှ သွားလာကြဖို့ ထပ်မံကြေညာထားပါတယ်။