တနင်္သာရီတိုင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၄၁ နှစ် ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုရာဇာထွန်းကို ဒီဇင်ဘာ ၁ ရက်မှာ ထားဝယ်ခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက် DPPN ကနေ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ကိုရာဇာထွန်းဟာ လူသတ်မှုကျူးလွန်ရာမှာ ကူညီတယ်လို့ဆိုကာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၄၄ အရ အခုလို ထပ်မံထောင်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ထားဝယ်မြို့အနှံ့ အသံဗုံးတွေ ဖောက်ခွဲတယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရေးမတဦးနဲ့ တခြားအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံခဲ့ရတဲ့ ကိုရာဇာထွန်းကို အောက်တိုဘာ ၅ ရက်ကလည်း တခြားနိုင်ငံရေးအကျဥ်းသား ၃ ဦးနဲ့အတူ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၄၊ ပုဒ်မ ၃၀၂/၃၄ တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။
ထားဝယ်မြို့ ဥသရံရပ်ကွက်နေ ကိုရာဇာထွန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်လောက်မှာ စစ်ကောင်စီက ဖမ်းဆီးခံခဲ့ကာ အနည်းဆုံး ပုဒ်မ ၈ ခုလောက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုဆိုရင် စုစုပေါင်းထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းအထိ အမြင့်ဆုံးချမှတ်ခံထားရတဲ့ အမျိုးသား နှစ်ယောက်ရှိပြီး ကိုရာဇာထွန်းကတော့ ထောင်ဒဏ်တတိယအများဆုံး ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်လောက်ကလည်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတဲ့ အင်အယ်လ်ဒီအစိုးရလက်ထက် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ပုဒ်မ ၂ ခုနဲ့ ထပ်တိုး အမှုဖွင့်ခဲ့ပါသေးတယ်။