ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက် မနက်က အမျိုးသမီးအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ဆွေမျိုးတော်စပ်သူတွေဆီကနေ သိရပါတယ်။
မြေပုံမြို့နယ် ငပသုန်ရွာက လယ်တဲမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဒေါ် (---) ဟာ နိုဝင်ဘာ ၂၈ ရက်ည ၈ နာရီလောက်မှာ ငပသုန်ရွာ(ပိုက်ဆိပ်)က မင်္ဂလာဆောင်က ဖိတ်ကြားလို့ သွားရောက်ရာ နေအိမ်ကို ပြန်မလာလို့ မိသားစုဝင်တွေက လိုက်လံရှာဖွေရာမှာ နိုဝင်ဘာ ၂၉ ရက် မနက် ၇ နာရီလောက်က ရေစပ်နားမှာ အလောင်းကိုတွေ့ရှိခဲ့တာလို့ ဆွေမျိုးတော်စပ်သူ တယောက်က ပြောပါတယ်။
“ကျနော် ရောက်သွားတော့ အလောင်းက လုံချည်တခြား၊ ကိုယ်တခြားဖြစ်နေလို့ ပြန်ဝတ်ပေးပြီး အပေါ်ကို ဆွဲတင်ကာ စစ်ကြည့်တော့ လက်သီးထိုးထားတဲ့ ဒဏ်ရာတွေနဲ့ လည်ပင်းကို ကြိုးနဲ့ ညှစ်ပြီး သတ်ထားတဲ့ ဒဏ်ရာတွေတွေ့ရှိခဲ့တယ်။”
ငပသုန် တိုက်နယ်ဆေးရုံမှာ ဆရာဝန် မရှိသလို မြို့နယ်ဆရာဝန်ကို ဖုန်းဆက်ပြီး အကူအညီ တောင်းခံပေမဲ့ အဆင်မပြေတာကြောင့် အဓမ္မပြုကျင့်ခံရခြင်းရှိ၊ မရှိကို စစ်ဆေး အတည်ပြုနိုင်ခြင်း မရှိပေမဲ့ နားလည်တဲ့ အမျိုးသမီးတွေကို ကြည့်ရှုစစ်ဆေးခိုင်းရာမှာ အဓမ္မပြုကျင့်ခံထားရတဲ့လက္ခဏာ တွေ့ရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒေါ် (---) ရဲ့ အလောင်းကိုတော့ နိုဝင်ဘာ ၃၀ ရက်နေ့က ငပသုန်ကျေးရွာ သုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။
အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ တရားခံမပေါ်သေးပေမယ့် ရပ်ရွာမှာ ဇ ရှိတဲ့သူတွေ၊ ရန်ငြိုးရန်စရှိတဲ့ သူတွေကိုတော့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့နဲ့ ရက္ခိုင့်တပ်တော်က စစ်ဆေးမေးမြန်းနေပါတယ်။