ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဝင် စစ်ကောင်စီတပ်ထိန်းဂိတ်ကို ဒီဇင်ဘာ ၁ ရက် ညနေပိုင်းက ပြန်ဖွင့်ပေးလိုက်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ရေချမ်းပြင်-အငူမော် လိုင်းဘုတ်တွေ ပြန်လည်ပြေးဆွဲနေပြီလို့ ရေချမ်းပြင်ဒေသခံတွေက ပြောပါတယ်။
ရေချမ်းပြင်ဒေသခံ မော်တော်ဘုတ်သမားတဦးက “လမ်းတွေဖွင့်ပေးတယ် ဆိုပေမဲ့ စစ်တွေမြို့ဝင် တပ်ထိန်းဂိတ်ကို ပိတ်ထားတော့ ခရီးသည်တင်ကားတွေ ထွက်မရခဲ့ကြဘူး။ မနေ့ကစပြီး တပ်ထိန်းဂိတ်ကို ဖွင့်လိုက်တော့ ခရီးသည်တင်ကားတွေ စစ်တွေက လာရောက်နိုင်လို့ ရေချမ်းပြင်-အငူမော် လိုင်းဘုတ်တွေ ဒီနေ့မနက်မှာ ပြန်ပြေးဆွဲနေကြပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်အကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေဟာ စစ်တွေမြို့ တပ်နယ်အထိ ရိုက်ခတ်ခဲ့တာကြောင့် နိုဝင်ဘာ ၁၀ ရက် မနက်ကစပြီး စစ်တွေမြို့ဝင် တပ်ထိန်းဂိတ်နဲ့ စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိ ကျောက်တန်းစစ်ဆေးရေးဂိတ်ကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်-စစ်တွေ ပြေးဆွဲနေတဲ့ ကုန်တင်ကားမောင်းသမားတဦးက “စစ်တွေမြို့ဝင် တပ်ထိန်းဂိတ်ကို မနေ့က ဖွင့်ပေးလိုက်တာ။ ကျောက်တန်း စစ်ဆေးဂိတ်တော့ မဖွင့်သေးဘူးဗျ။ ကုန်ကားတွေကတော့ ဒီအတိုင်း ရပ်ထားကြရဆဲပါ” လို့ ပြောပါတယ်။
တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းဂိတ်တွေကို တလနီးပါး ပိတ်ထားတာကြောင့် ခရီးသည်တွေနဲ့ ကုန်စည်တွေဟာ ပုဏ္ဏားကျွန်းကတဆင့် ရေလမ်းကြောင်းနဲ့ စစ်တွေမြို့ကို လာရောက်ရပြီး စစ်တွေကတဆင့် သဲချောင်ကျေးရွာမှ မော်တော်ဘုတ်တွေနဲ့ ဘူးသီးတောင်၊ မောင်တော ဒေသတွေကို ခက်ခက်ခဲခဲ သွားလာခဲ့ရတာ ဖြစ်ပါတယ်။