Home
မြန်မာသတင်း
ရခိုင်ဦးဆောင်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးအား ထိန်းသိမ်းထားဟု အေအေပြော
lusane
·
November 29, 2022
316161479_875430540146007_3341801920413848981_n

ရခိုင်ဦးဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးကို ရက္ခိုင့်တပ်တော် (အေအေ) က မေးမြန်းစရာရှိလို့ ခေတ္တထိန်းသိမ်းထားတယ်လို့ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေက ထုတ်ဖော်ပြောဆိုပါတယ်။

အေအေပြောခွင့်ရ ခိုင်သုခက “ဦးကျော်ဇောဦးကို မေးမြန်းစရာကိစ္စတွေ ရှိတဲ့အတွက် အေအေဘက်က ခေါ်ယူစစ်ဆေးနေတာရှိပါတယ်။ လက်ရှိမှာ သူက ကျန်းမာစွာ ရှိနေပါတယ်” လို့ ပြောပါတယ်။

ရခိုင်ဦးဆောင်ပါတီ (AFP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်က ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးခံရစဥ်က ဘယ်အဖွဲ့က ဖမ်းဆီးတယ်ဆိုတာ အတည်မပြုနိုင်ဘဲ ပါတီတာဝန်ရှိသူတွေကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။

ဦးကျော်ဇောဦးကို အခုလို ထိန်းသိမ်းစစ်ဆေးနေရတာဟာ စစ်ဖြစ်နေတဲ့ တော်လှန်ရေး အရေးပေါ်ကာလတွေမှာ ပြည်သူတွေ စိတ်ဝမ်းကွဲစေတဲ့ လှုံ့ဆော်မှုတွေကို အေအေဘက်က ခွင်မပြုနိုင်တဲ့အတွက် လိုအပ်လို့ ဆောင်ရွက်ရတာဖြစ်ပြီး ပါတီရဲ့ ဗဟိုအကြံပေး ကော်မတီဝင်တဦးဖြစ်တဲ့ လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင် ကိစ္စကိုတော့ မသိသေးကြောင်း ခိုင်သုခက ဆိုပါတယ်။

“ဦးကျော်ဇောဦးကို အခုလို ထိန်းသိမ်းစစ်ဆေးရတာက စစ်မက်ဖြစ်ပွားနေတဲ့ တော်လှန်ရေး အရေးပေါ်ကာလတွေမှာ ပြည်သူတွေကို စိတ်ဝမ်းကွဲစေတဲ့ လှုံ့ဆော်မှုတွေ လုပ်နေတာကို ကျနော်တို့ဘက်က ခွင့်ပြုလို့မရနိုင်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်ရင် လိုအပ်သလို ဆောင်ရွက်ရတာဖြစ်တယ်။ ဦးကျော်လွင် ကိစ္စကတော့ ကျနော်တို့ဆီကို သတင်းတက်မလာသေးပါဘူး။” 

ဦးကျော်လွင်ဟာ မောင်တောခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်စန်း အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတာပါ။

ရက္ခိုင့်တပ်တော်အနေနဲ့ သြဂုတ်လနဲ့ နိုဝင်ဘာလကြားမှာ ALP နဲ့ ဆက်စပ်သူတွေနဲ့ AFP ပါတီဝင်တွေကို ဖမ်းဆီးထားတာရှိပြီး ALP ပါတီက ဒုဗိုလ်မှူးကြီးခိုင်ပေါ်လင်းနဲ့ ဆဋ္ဌမတန်းကျောင်းသား မောင်စိုးမင်းနိုင်၊ မြောက်ဦးက ဆရာတော်ကြီး ၄ ပါး၊ AFP မှ ပါတီဝင် ၂ ဦးတို့ဖြစ်ပြီး အားလုံးနီးပါးဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024