ရခိုင့်တပ်တော် ULA/AA နဲ့ စစ်ကောင်စီတို့ ယာယီအပစ်ရပ်ခဲ့ပြီးနောက် မောင်တော-အငူမော် ကားလမ်းနဲ့ မြောက်ပိုင်းလမ်းတွေဖြစ်တဲ့ မောင်တော-တောင်ပြိုလမ်း၊ မောင်တော-ဝေလာ တောင် လမ်း၊ မောင်တော-ဗန္ဓုလလမ်းတွေကို နိုဝင်ဘာ ၂၇ ရက်မှာ စစ်ကောင်စီက ပြန်ဖွင့်ပေး လိုက်သလို စစ်တွေ-ဘူးသီးတောင်ရေလမ်းကြောင်းကိုပါ ဖွင့်ပေးလိုက်ပြီလို့ ဒေသခံယာဉ်မောင်း တွေက ပြောပါတယ်။
ဒေသခံကားသမားတဦးက "နိုဝင်ဘာ ၂၇ ရက်မှာ မောင်တောမြောက်ပိုင်းလမ်းတွေကို စဖွင့်တာ။ ကြိမ်ချောင်း၊ ငါးခူရ ၊တောင်ပြို ကားတွေ မောင်တောမြို့ကို လာလို့ရပါပြီ" လို့ ပြောပါတယ်။
မောင်တော- အငူမော်ကားလမ်းကိုလည်း ဒီနေ့ နေ့လယ် ၃ နာရီမှာ ပြန်ဖွင့်ခဲ့ပြီး လမ်းတလျှောက် စစ်ကောင်စီတပ်က ဒီနေ့ မနက်မှာ မိုင်းရှင်းလင်းခဲ့ပြီး စစ်တွေ ရေချမ်းပြင်မှ ဇက်ရေယာဥ်တွေလည်း အငူမော်ကိုထွက်ဖို့ ပြင်ဆင်နေကြတယ်လို့ ကုန်သည်ကြီး တဦးက ပြောပါတယ်။
စစ်တွေ-ရေချမ်းပြင်-အငူမော်-မောင်တောကားလမ်းကို ဒီနေ့ ညနေ ၃ နာရီမှာ ဖွင့်ပေးထားပေမဲ့ လတ်တလော ကားတွေတော့ သွားလာခြင်း မရှိသေးပါဘူး။
မေယုသဇင်ခရီးသည်ပို့ဆောင်ရေးကားဂိတ်က တာဝန်ရှိသူက "ကျမတို့က နိုဝင်ဘာ ၂၉ ရက်မှာ စပြီးပြေးဆွဲမှာပါ။ မောင်တော-စစ်တွေ အရောက်ပါ။ ရေချမ်းပြင်ကနေ ဇက်နဲ့ကူရမှာပါ" လို့ ပြောပါတယ်။
မောင်တော-အငူမော် ကားလမ်းနဲ့ စစ်တွေ-ဘူးတောင်ရေလမ်းတွေကို ဖွင့်ပေးလိုက်ပေမဲ့ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်းကိုတော့ မဖွင့်ပေးသေးဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
ကုန်သည်ကြီးတဦးက "ကျနော်တို့ ဒီနေ့ ရခိုင်ပြည်နယ်စီးပွားရေးဝန်ကြီး နဲ့ တိုက်ရိုက် သွားတွေ့ကြတယ်။ မနက်ဖြန် တိုင်းမှူးအစည်းအဝေးမှာ တင်ပြပြီးမှ အဖြေပေးနိုင်မယ်လို့ ပြောတယ်" လို့ ပြောပါတယ်။
လတ်တလောမှာ စစ်တွေ-ပုဏ္ဏားကျွန်းကားလမ်း၊ စစ်တွေ အဝင်/အထွက် တပ်ထိန်းဂိတ်နဲ့ ကျောက်တန်းဂိတ်တွေကို ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
စစ်တွေ-ဘူးသီးတောင်-ရသေ့တောင် ရေလမ်းကြောင်းနဲ့ စစ်တွေ-မြောက်ဦး ရေကြောင်းလမ်းကို စက်တင်ဘာလကတည်းက စစ်ကောင်စီက ပိတ်ခဲ့ပြီး စစ်တွေ-ပေါက်တော-မင်းပြား ရေလမ်း ကြောင်းကိုလည်း အောက်တိုဘာ ၁၉ ရက်၊ ဇူလိုင် ၁၈ ရက်နေ့က မောင်တော မြောက်ပိုင်းလမ်း ၃ လမ်းနဲ့ မောင်တော-အငူမော်လမ်းကိုတော့ သြဂုတ် ၁၄ ရက်က စပြီး ပိတ်ထားခဲ့တာဖြစ်ပါတယ်။