ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စု စံသမာဓိရပကွက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က ဗိုလ်မှူးကြီးတဦး ဦးဆောင်ကာ ဒီကနေ့ မနက် ဘူဒိုဇာနဲ့ထိုးဖျက်နေပြီး ဓာတ်ပုံရိုက်သူသုံးဦးကို ရိုက်နှက်ဖမ်းဆီးထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်၊ ရဲ၊ ထွေအုပ်အပါအဝင် စွမ်းအားရှင်အဖွဲ့တွေဦးဆောင်ကာ အင်အား ၁၀၀ နီးပါး နဲ့ ဒီကနေ့ မနက်ကစတင်ပြီး နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးနေတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗိုလ်မှူးကြီးတဦး ဦးဆောင်ပြီး လာဖျက်တာ၊ အချုပ်ကားတွေလည်းပါတယ်။ ဓာတ်ပုံရိုက်လို့ အမျိုးသားတဦးရယ်၊ အမျိုးသမီးတဦး နဲ့ ကလေးတယောက်ကို ရိုက်နှက်ပြီး ဖမ်းထားတယ်။"
ပြီးခဲ့တဲ့ရက်တွေက မြဲမြံအောင်၊ ဓမ္မပါလ၊ ဂုံညှင်းနီ၊ မြဝတီစိုက်ခင်း ၁ နဲ့ ၂ ကို စစ်ကောင်စီတပ်တွေက ဖျက်သိမ်းခဲ့ပြီး ဒီကနေ့မနက်မှာတော့ စံသမာဓိရပ်ကွက်ကို လာဖျက်တာလို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ရဲတွေက လက်နက်အပြည့်နဲ့စောင့်တယ်၊ ထွေအုပ်က ဘူဒိုဇာနဲ့ထိုးတယ်၊ စွမ်းအားရှင်တွေက တုတ်တွေ ဓားတွေနဲ့နေရာယူထားတယ်။"
ဖမ်းဆီးထားသူသုံးဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က မဂ်လာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုရှိ မြဲမြံအောင်၊ ဓမ္မပါလ၊ ဂုံညှင်းနီ၊ မြဝတီစိုက်ခင်း ၁ နဲ့ ၂ ကို ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေဖြစ်တယ်ဆိုပြီး ကျုးကျော်လို့ အကြောင်းပြကာ နိုဝင်ဘာ ၁၈ ရက် နောက်ဆုံးထားဖျက်သိမ်းပေးဖို့ စာထုတ်ခဲ့ရာကနေ အဆင့်ဆင့်နဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ကို နောက်ဆုံးထားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။