ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးပြုလုပ်ခဲ့တဲ့ ညီအကိုရဲဝန်ထမ်းနှစ်ဦးရဲ့ နေအိမ်ကို နိုဝင်ဘာ ၂၅ ရက် နေ့လယ်မှာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ရဲတပ်သား သူရိန်လင်း နဲ့ ဒုတပ်ကြပ် တာရာလင်းတို့ရဲ့ ဖခင်ဖြစ်သူ ဦးသန့်စင်နေထိုင်ရာ တလိုင်းကွင်းကျေးရွာက နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
"ရဲလေးတွေနေတဲ့ အိမ်ကိုလာချိပ်ပိတ်သွားတာ။ စစ်အာဏာရှင်ဆန့်ကျင်ရေးစာတွေ ရေးလို့ဆိုပြီး ထောင်ထဲမှာ။ သူတို့ရဲ့ အဖေ ဦးသန့်စင်လည်းမရှိဘူး၊ အိမ်က ပိတ်ထားတာကြာပြီ။ အဲဒါကို PDFနဲ့ ဆက်သွယ်ပါတယ်ဆိုပြီး စစ်တပ်၊ ရဲ၊ ထွေအုပ်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့က လာချိပ်ပိတ်သွားတာ။”
လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရေးသားတယ်ဆိုပြီး ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က ဖမ်းဆီးခဲ့သလို ဖခင် ဦးသန့်စင်ဟာလည်း ရပ်ရွာဆူပူအောင် ပြုလုပ်တယ်အကြောင်းပြပြီး ၂၀၂၁ခုနှစ် မတ်လမှာ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ရှောင်တိမ်းနေရပါတယ်။
ရဲတပ်သား သူရိန်လင်းနဲ့ ရဲဒုတပ်ကြပ် တာရာလင်းတို့ဟာ လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပုသိမ်ထောင်မှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရပါတယ်။