တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့မရဲစခန်းမှာ နိုဝင်ဘာ ၂၂ ရက် မနက် ၂ နာရီလောက်က အချုပ်သား ၅ ဦးအချုပ်ခန်းဖောက် ထွက်ပြေးသွားပြီး တဦး ပြန်လည်ဖမ်းဆီးခံခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
အချုပ်ခန်းဖောက် ထွက်ပြေးသွားတဲ့ အချုပ်သား ၅ ဦးထဲမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးလုပ်ဆောင်နေသူတဦးနဲ့ CDM ရဲတပ်ဖွဲ့တင်တဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အချုပ်ခန်းဖောက်ခံရပြီးနောက် ထွက်ပြေးသူတွေကို စစ်ကောင်စီဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသူထဲက တဦးကို ကမာချောင်းရပ်ကွက် ဟိုင်းဝေးလမ်းမှာ ပြန်ဖမ်းမိတယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
“မနက်စောစောကြီး သေနတ်သံ သုံးလေးချက် ကြားတယ်။ နောက်တော့ အချုပ်ထောင်ဖောက် ထွက်ပြေးတယ်ဆိုတာ သိလို့ ရဲတွေက သေနတ်ပစ်ဖောက်တယ်လို့ သိရတာ။ ၅ ဦး ထွက်ပြေးတယ်။ ထွက်ပြေးတဲ့လူတွေထဲက ၁ ဦး ပြန်ဖမ်းခံထိတယ် ကြားတယ်။ အဲဒီလူက ဘုတ်ပြင်းမှာနေတဲ့လူ မဟုတ်ဘူး။ လမ်းမသိလို့ ပြန်ဖမ်းခံထိတာ။”
ဘုတ်ပြင်းမြို့မရဲစခန်း အချုပ်ခန်းဖောက် ထွက်ပြေးပြီးနောက် လွတ်မြောက်နေတဲ့ အချုပ်သားတွေကို ဖမ်းဆီးဖို့ စစ်ကောင်စီတပ်ဘက်က ဘုတ်ပြင်းမြို့ နေရာတော်တော်များများကို လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဘုတ်ပြင်းမြို့ခံက ပြောပါတယ်။