တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် ကဒဲရွာမှာ PDF တွေ ခေတ္တစခန်းချ နားနေခဲ့တဲ့ နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့လို့ ဈေးသည် လင်မယား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "ဒရုန်းနဲ့ ဗုံးချတာပါ။ PDF တွေက ဒီမှာ မရှိတော့ဘူး။ မနက်ပိုင်းက လေယာဥ်နဲ့ ကင်းလာထောက်တယ်" လို့ ပြောပါတယ်။
နိုဝင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ပဝတ်ကုန်းရွာဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကဒဲရွာစာသင်ကျောင်းအနီး ဆိုင်ကယ်နဲ့ ဈေးရောင်းလာတဲ့ ဒေသခံလင်မယား နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တာပါ။
ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားမှာ လက်သန်းကြွယ်ဖြတ်လိုက်ရပြီး ပုလောဆေးရုံမာ ဆေးကုသမှုခံနေသလို့ အမျိုးသမီးမှာ မျက်လုံး ထိခိုက် ဒဏ်ရာပြင်းထန်တာကြောင့် မြိတ်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။
ပုလောမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကောင်စီက ဒရုန်းနဲ့ လာရောက်တိုက်ခိုက်တာ အခုဆို ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။