အာဏာသိမ်းစစ်ကောင်စီဟာ သူခန့်အပ်ထားတဲ့ ပြည်ထောင်စု ဝန်ကြီး ၂ ဦးကို တာဝန်ကနေ အနားပေးလိုက်ပြီး ဝန်ကြီးနေရာတချို့ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း ဒီကနေ့ ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့ကို ရာထူးတာဝန်ကနေ အနားယူခွင့် ပြုလိုက်တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့စွဲနဲ့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်း ဒွေးအမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။
အဆိုပါ ဝန်ကြီး နှစ်ယောက်ကို စစ်ကောင်စီက ဘာကြောင့် အနားပေးလိုက်တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြတာ မရှိပါဘူး။
တာဝန်ကနေ အနားပေးလိုက်လို့ လစ်လပ်သွားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေရာမှာ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဦးလှမိုးကို ပူးတွဲခန့်အပ်တာဝန်ပေးအပ်လိုက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးအဖြစ်တော့ ဦးမျိုးသန့်ကို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။