ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က ဒေသခံ ၄ ယောက်ကို စစ်ကောင်စီဩဇာခံ တရားရုံးက မနေ့က ထောင် ၁၀ နှစ်စီ ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ ဝန်းကျင် ကိုလတ်မြတ်သာ(ဂတ်စတာလတ်)နဲ့ သူ့ဇနီး မမေဆုလျှံ၊ အသက် ၂၀ အရွယ် နိုင်းနိုင်းနဲ့ ၂၂ နှစ်အရွယ် ဟိန်းသက်နိုင်တို့ကို အကြမ်းဖက်ဖောက်ခွဲဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးပြီး တနှစ်ကျော်အကြာမှာ ထောင်ဒဏ်တွေချလိုက်တာပါ။
“မနှစ်က ၉ လပိုင်း၊ ၂၃ ရက်နေ့မှာ ဂတ်စတာလတ်တို့အိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ ပစ္စည်ထုပ်ကိုဖောက်နေတဲ့အချိန် ဗုံးက ထပေါက်တော့ ယောကျ်ားဖြစ်သူက ဒဏ်ရာနဲ့ သတိလစ်သွားတယ်။ သူ့မိန်းမလည်း ဒဏ်ရာရသွားတယ်။ မကြာဘူး ရခ တွေ၊ စခတွေ လာပြီးဖမ်းသွားတယ်။ နောက်ပြီး ပစ္စည်းလာပို့သူတွေ(နိုင်းနိုင်းနဲ့ ဟိန်းသက်နိုင်)ကိုလည်း CCTV မှတ်တမ်းကနေ ဖမ်းတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
သူတို့ကို ညောင်တုန်းတရားရုံးမှာ စစ်ဆေးနေရင်း ၃ လအကြာမှာ မအူပင်ကိုပို့ပြီး အဲဒီမှာပဲ အကြမ်းဖက်ဖောက်ခွဲဖို့ကြံစည်မှု၊ အားပေးကူညီမှုတို့နဲ့ ထောင်ဒဏ် ၁၀ နှစ်စီချလိုက်တာလို့လည်း သူက ဆိုပါတယ်။
သူတို့နဲ့ပတ်သက်သူတယောက်လည်းရှိနေသေးပြီး သူ့ကို မမိလို့ အမှုကြန့်ကြာနေတာဖြစ်မယ်လို့ ညောင်တုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဲဒီတယောက်ကတော့ လွတ်မြောက်နယ်မြေတခုမှာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးသွားပြီလို့ သတင်းရကြောင်းလည်း သူက ဆိုပါတယ်။
ညောင်တုန်းမြို့နယ်မှာ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်လို့ ဒီနေ့အထိ ဖမ်းဆီးခံရသူ ၂၁ ယောက်နဲ့ ကျဆုံးသူ ၂ ယောက်ရှိပြီလို့ ဒေသခံက ဆက်ပြောပါတယ်။