ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်တွင်းမှာ ၉ လကျော် အချုပ်ချခံထားရတဲ့ ပြည်မြို့နယ် ဂမ္ဘီလာကျေးရွာမှာနေထိုင်တဲ့ ဦးဆယ်ကို ဖေဖေါ်ဝါရီ ၄ ရက် ဒီကနေ့ ထောင်တွင်းတရားရုံးကနေထောင် ၁၀ နှစ်ချလိုက်တယ်လို့ ထောင်ဝန်ထမ်းထံက သိရပါတယ်။
ဦးဆယ်ကို လွန်ခဲ့တဲ့နှစ် မေလ ၃ ရက်က သူနေအိမ်ကနေ စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးပြီး ပေါက်ကွဲစေတတ်သောအရာ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ (၃) နဲ့ တရားစွဲဆိုပြီး၊ ပြည်ထောင်ထဲမှာ ၉ လ ကျော်ကြာအောင် ရုံးတင်စစ်ဆေးပြီး အခုလို ထောင် ၁၀ နှစ်ချလိုက်တာလို့ ပြည်တရားရုံးအသိုင်းအဝန်း ကနေသိရပါတယ်။
ပြီးခဲ့တဲ့နှစ် မေ ၃ ရက်က ဦးဆယ်ရဲ့ ခြံ၀င်းအတွင်းမှာ ပြည်မြို့နယ်က CDM ရဲတပ်ဖွဲ့၀င် ၄ ယောက်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်တို့က လက်လုပ်မိုင်းတခု စမ်းသပ်ရင်း ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲသတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် CDM ရဲတပ်ဖွဲ့၀င် ၄ ယောက်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တယောက်တို့ သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒိဖြစ်စဥ်ဖြစ်ပွားစဥ်က ဦးဆယ်ဟာ သူသူ့ခြံထဲမှာမရှိဘဲ တနေရာကို ရောက်နေနေပေမဲ့ သူ့ကို ခြံပိုင်ရှင်အနေနဲ့ လာရောက်ဖမ်းစီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒိဖြစ်စဥ်အတွက် သေဆုံးသွားသူ ၅ ယောက်ကိုတော့ သေမှုသေခင်းဖွင့်ခဲ့ပါတယ်။