မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ၂,၄၃၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၁၃၆ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၉၂၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၉ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ ထီးလင်းမြို့၊ အမှတ် (၁) ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ် အလုပ်အမှုဆောင် ဦးကြည်စိုးနဲ့ ညီဖြစ်သူ ဦးမင်းကိုတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက် စပ်တယ်လို့ စွပ်စွဲပြီး ထီးလင်းမြို့မရဲစခန်းမှ ရဲတွေက နိုဝင်ဘာ ၈ ရက်ညပိုင်းအချိန်က နေအိမ်မှာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၈ ရက် တရက်တည်းမှာပဲ ညနေ ၄ နာရီလောက်က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၉ ရက်မနက် ၆ နာရီအချိန်မှာတော့ ဒေသခံ ရွာသား ကိုဇော်မျိုးနိုင်ဟာ ကျေးရွာအတွင်းကို ဝင်ရောက်ပြီး နွားလှည်းပြန်လာယူနေချိန်မှာ စစ် အုပ်စုတပ်က သူ့ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။