ကွယ်လွန်သွားတဲ့ စာရေးဆရာ အကြည်တော်ကို မနက်ဖြန် နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ ရေဝေးသုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ နာမည်ကြီး စာရေးဆရာတယောက်ဖြစ်တဲ့ အကြည်တော်ဟာ နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာပါ။
တောင်ဒဂုံနေအိမ်ကနေ နေ့လယ် ၂ နာရီမှာ ကားတွေထွက်ခွာမှာဖြစ်ပြီး ဆရာအကြည်တော်ကို ဂူသွင်းသင်္ဂြိုဟ်မယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
အကြည်တော်ဟာ ပြီးခဲ့တဲ့လတွေကတည်းက ကျန်းမာရေးအခြေအနေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆေးကုမှုခံယူဖို့ သွားရောက်ခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စာရေးဆရာ အကြည်တော်ဟာ ထင်ရှားတဲ့ ဟာသလုံးချင်း ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့တဲ့ နာမည်ကျော် စာရေးဆရာတယောက်ဖြစ်ပြီး မကြာသေးခင်ကပဲ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကဗျာနဲ့ဂီတ ပေါင်းစပ်ထားတဲ့ “ကဗျာဂီတ အယ်လ်ဘမ်” ကို ဖြန့်ချိခဲ့ပါသေးတယ်။
အကြည်တော်ဟာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်လောက်ကတည်းက ကိုကိုကြီး ကလောင်အမည်နဲ့ စာပေလောကကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၃ ခုနှစ်က စတင်ကာ အကြည်တော် အမည်နဲ့ လုံချင်းဝတ္ထုတွေ စတင်ရေးသားခဲ့ရာကနေ တစတစ နာမည်ကြီးလာခဲ့တာ ဖြစ်ပါတယ်။
သူရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကဝေပျို၏ နိဒါန်း၊ ခြူဆီ၊ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ ဇော်က ကနေသည်၊ နေတစ်ခြမ်း လတစ်ခြမ်း၊ ပြုံးရွှင်သည် ငိုတတ်သည်၊ ဘီလူး၊ ရွှေမိုးသည်း စတဲ့စာအုပ်တွေကတော့ ပရိသတ်တွေကြား ထင်ရှားပြီး ရုပ်ရှင်အနေနဲ့ ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့တဲ့ဝတ္ထုတွေ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အကြည်တော်ရဲ့ နာရေးသတင်းအပေါ် ပရိသတ်တွေကရော၊ စာပေအနုပညာအသိုင်းအဝိုင်းကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။