စာရေးဆရာ အကြည်တော်၏ “သူခိုး”လုံးချင်းဝတ္ထုသစ် အွန်လိုင်းပေါ် အပိုင်းလိုက် တင်ပေးမည်
DVB
·
May 19, 2020
နာမည်ကြီး ဟာသ စာရေးဆရာတယောက်ဖြစ်တဲ့ အကြည်တော်ရဲ့ လုံးချင်းဝတ္ထု သစ် “သူခိုး”ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် အပိုင်းလိုက် ဖတ်ရှုနိုင်ဖို့ မျှဝေပေးသွားမယ်လို့ ဆိုပါတယ်။
Akyitaw Production အမည်နဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ဒီအကြောင်းကို ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။
“စာမရေးဖြစ်တာကြာပါပြီ။ အခုတော့ ကျနော့်ရဲ့ "သူခိုး" လုံးချင်းဝတ္ထုကို ဒီညနေ ကစပြီး နေ့စဉ်ဖတ်ရှုပေးကြပါဦး။ အခမဲ့ပါ။ ဝတ္ထုတစ်အုပ်လုံး တစ်ခါထဲတင်လိုက်ရင် ဖုန်း နဲ့ဖတ်ရတာအဆင်မပြေမှာစိုးလို့ နေ့စဉ်ခွဲတင်ပေးပါ့မယ်"
ဟာသ သရုပ်ဆောင်ဗေလုဝ အထူးသရုပ်ဆောင်ထားပြီး အောင်မြင်မှုရရှိခဲ့တဲ့ ဘီ လူးရုပ်ရှင်ကားဟာ သူ့ရဲ့ ဝတ္ထုတပုဒ်ဖြစ်ပြီး ဆွေတစ်ရာမောင်တစ်ကျိတ်၊ ဇော်ကကနေ သည်၊ ပြုံးရွှင်ရေ ပျော်ရဲ့လား၊ ရွှေမိုးသည်း၊ လူလည်ကြီးများရွာ၊ ကျောက်သင်ပုန်းတွေ မိုး ထားတဲ့အိမ်စတဲ့ ရုပ်ရှင်ကားတွေဟာလည်း အကြည်တော်ရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်လိုက်တဲ့ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ လုံးချင်းဝတ္ထုအနေနဲ့ အထွက်ကျဲသွားခဲ့တာမို့ ခုထွက်ရှိလာ မယ့် သူ့ရဲ့ “သူခိုး”ဝတ္ထုကို ပရိသတ်တွေက စိတ်ဝင်စားနေကြတာပါ။
ခုနောက်ပိုင်းမှာတော့ ဖတ်ရှုမှုပုံစံတွေ၊ မျှဝေမှုပုံစံတွေ ပြောင်းလဲလာနေခဲ့ပြီဖြစ်ပြီး နာမည်ကြီး စာရေးဆရာတွေဟာ သူတို့ရဲ့ ဝတ္ထုတွေကို ထုတ်ဝေမှုမပြုခင်မှာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ အပိုင်းလိုက် မျှဝေပေးမှုတွေ လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။
သိပ်မကြာခင်ကမှ လုံးချင်းစာအုပ်တအုပ်အနေနဲ့ ထွက်ရှိခဲ့တဲ့ စာရေးဆရာခက် ဇော်ရဲ့ The Guys of Rangoon,1930 စာအုပ်ကိုလည်း ခုလိုမျှဝေပြီးမှ ထုတ်ဝေခဲ့သလို “ဂရုမစိုက်ခြင်းအနုပညာ”စာအုပ်နဲ့ နာမည်ကြီးတဲ့ စာရေးဆရာ ချမ်းမြေ့ဝင်းဟာလည်း လက်ရှိ “စကားဝါ”အမည်နဲ့ လုံးချင်းဝတ္ထုရှည်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပရိသတ်တွေအတွက် အပိုင်းလိုက် မျှဝေမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။