ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အလွတ်တန်းဓာတ်ပုံဆရာ ဦးစိုးမိုးကျော်ကို နိုဝင်ဘာ ၈ ရက် မနက်ပိုင်းက ကျောက်တော်တပ်မ စကခ-၉ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဦးစိုးမိုးကျော်ဟာ မင်းပြားမြို့ကနေ စစ်တွေကိုလာဖို့ ကျောက်တော်တပ်မ စကခ-၉ စစ်ဆေးဂိတ်မှာ စစ်ဆေးခံနေတုန်း ပျောက်ဆုံးသွားတာဖြစ်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
“သူက ဇာတိမြို့ဖြစ်တဲ့ မင်းပြားကနေ စစ်တွေကို ခရီးသည်တင်ကားနဲ့လာတာ။ အဲဒီမှာ ကျောက်တော်တပ်မ စစ်ဆေးရေးဂိတ်မှာ ခရီးတွေက ဆင်းပြီး စစ်ဆေးခံရတယ်လို့ သိရတယ်။ အဲဒီမှာ ပျောက်သွားတာ။ ကားသမားက လူမစုံသေးလို့ သွားမေးပေမဲ့ ဖမ်းဆီးထားတာ မရှိဘူးလို့ ဂိတ်ကပြောတယ်။ အဲတော့ ကားသမားလည်း ကြံရာမရတော့ မိသားစုတွေနဲ့ နောက်တခေါက် သွားမေးတော့လည်း မရှိဘူးဆိုပြီး ထပ်ပြောတယ်။ မိသားစုတွေကတော့ ဖမ်းထားတယ်ဆိုရင်လည်း ဖမ်းထားဆိုတာကို သိချင်တယ်။ အခုဟာက ပျောက်သွားတယ်ဆိုတော့ စိုးရိမ်မှုက မြင့်တက်နေကြတယ်” လို့ ပြောပါတယ်။
ဦးစိုးမိုးကျော်ဟာ မင်းပြားဇာတိဖြစ်ပြီး စစ်တွေမြို့မှာ မိသားစုနဲ့ အခြေချနေထိုင်သူဖြစ်ကာ အလွတ်တန်းဓာတ်ပုံဆရာတယောက်လည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက မြို့နယ်တချို့ကို ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားပြီး စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်ကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။