အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်မ်ဖိုင်းခရိုင်ရှိ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်စခန်း ၃ ခုကို နိုဝင်ဘာ ၇ ရက်က အိန္ဒိယရူပီ ၁၃၀,၀၀၀ ဖိုး စားသောက်ကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပေးအပ်လှူဒါန်းခဲ့တယ်လို့ မြန်မာဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ MRRC-Mizoram အဖွဲ့က ပြောပါတယ်။
အိုင်သီအိုင်စခန်း၊ ဇောသဲစခန်းနဲ့ ဇောလ်စီယ်စတဲ့ဒုက္ခသည်စခန်းက မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်အတွက် ဆန်၊ ဆီ စတဲ့စားသောက်ကုန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မြန်မာစစ်တပ် အာဏာသိမ်းပြီးချိန် စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြသပိတ်တွေကို ဖြိုခွင်းခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာဒေသတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ၄၀,၀၀၀ ကျော်ရှိပြီး စစ်ရှောင်အများစုက ချင်းပြည်နယ်ကဖြစ်သလို စစ်ကိုင်းတိုင်းအထက်ပိုင်းကလည်း ပါဝင်နေပါတယ်။
ဓာတ်ပုံ-MMRC-M