ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ချောင်းထဲမှာ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းက ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသားတယောက်အား တွေ့ရှိခဲ့တယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းက သိရပါတယ်။
နိုဝင်ဘာ ၆ ရက်မနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းရွာ သင်္ချိုင်းနားက ချောင်းထဲမှာ ချောင်းထဲမှာ အလောင်းတလောင်း မျောနေတယ်လို့ အကြောင်းကြားလို့ မနက် ၁၀ နာရီ လောက်မှာ သွားရောက်ဆယ်ယူခဲ့တာလို့ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းရဲ့ ဒုဥက္ကဋ္ဌ ကိုကျောက်ချိုင်က ပြောပါတယ်။
သေဆုံးသွားသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက်(ရွာသာယာ)က စစ်တွေ တက္ကသိုလ် (သမိုင်း) အထူးပြုတတိယနှစ်ကျောင်းသား မောင်မျိုးထက် (အသက် ၂၁ နှစ်) ဖြစ်ပြီး ကျောကုန်းမှာ ဓားထိုးဒဏ်ရာ ၂ ချက်၊ လည်ပင်းမှာ လည်လှီး ဒဏ်ရာ ၁ ချက် နဲ့ ပုပ်ပွနေပြီလို့ ဆိုပါတယ်။
မောင်မျိုးထက်ဟာ နိုဝင်ဘာ ၄ ရက်နေ့ ညပိုင်းကတည်းက စစ်တွေမြို့ပွိုင့် အပန်းဖြေစခန်းဘီယာဘားတခုမှာ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပြီး အပြန်မှာ ပျောက်ဆုံးသွားလို့ မေတ္တာရောင်ခြည် ဖောင်ဒေရှင်းကို အကူညီတောင်ခံထားလို့ လိုက်လံရှာဖွေ နေတာလို့ ကိုကျောက်ချိုင်ကပြောပါတယ်။
မောင်မျိုးထက်ရဲ့ အလောင်းကို ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး ရဲတွေက လာရောက်စစ်ဆေးနေတယ်လို့ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းကနေ သိရပါတယ်။