ရခိုင်ပြည်နယ် မြေပုံမြို့နယ် သင်္ဘောဆိပ်နားက မြစ်ထဲမှာ စားသောက်ကုန်တွေတင်ဆောင်လာတဲ့ စက်လှေတစီးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီလောက် ဖမ်းဆီးခဲ့တယ်လို့ မြေပုံမြို့ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
အမ်းမြို့နယ် ကဇုကိုင်းကျေးရွာက ဦးရွှေနိုင်စိန်၊ ဦးညီပုနဲ့ ဦးတင်မောက်သန်းတို့ဟာ မြေပုံမြို့နယ် က စက်လှေတစီးကို ငှားရမ်းပြီး စားသောက်ကုန်ပစ္စည်းတွေ တင်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ ၃ ယောက်အား မြေပုံမြို့မရဲစခန်းစစ်ကြောရေးကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့နယ် မင်းချောင်းတံတားနားမှာလည်း နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ စက်လှေတစီးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မရဲစခန်းမှာ ပြည်တွင်းရေကြောင်းဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အခုနှစ် သြဂုတ်လကစတင်ကာ တိုက်ပွဲတွေ ပြန်ဖြစ်ပြီးနောက်ပိုင်း မြို့နယ်အများအပြားမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဧည့်စာရင်းစစ်ဆေးတာ၊ အပြစ်မဲ့ပြည်သူတွေကို မတရားဖမ်းဆီးတာ၊ ခရီးသည်တင်ယာဥ်တွေနဲ့ ကုန်တင်ယာဥ်တွေ ကုန်းလမ်း၊ ရေလမ်းတွေအားလုံးကို ပိတ်ဆို့ပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ဖြတ်တောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။