Home
မြန်မာသတင်း
ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းကြောင်းနှင့် မြန်မာပြည်အခြေအနေကို အလွန်စိတ်ပျက်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
October 28, 2022
313331836_658150712345277_7992943952941985929_n

စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်းတည်းက အကြမ်းဖက်မှုတွေ ထပ်ခါထပ်ခါဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အလွန်စိတ်ပျက်ရကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က အောက်တိုဘာ ၂၇ ရက်မှာ ထပ်မံပြောကြားလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ လာမယ့်နိုဝင်ဘာလထဲ ကျင်းပဖို့ရှိနေတဲ့ အာဆီယံ ခေါင်းဆောင်တွေရဲ့ ညီလာခံမတိုင်မီ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ချမှတ်ထားတဲ့ သဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲမှု အခြေအနေတွေအပေါ် သုံးသပ်ဖို့နဲ့ နောက်ထပ် ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရမယ် ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ အခုလိုပြောကြားလိုက်တာပါ။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပါဝင်ဆွေးနွေးခဲ့သလို ကချင်ပြည်နယ်မှာ ဖျော်ဖြေရေးပွဲပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးခဲ့ရသူတွေအတွက်လည်း ဝမ်းနည်းရကြောင်း ပြောပါတယ်။

အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာစစ်အာဏာရှင်တွေကတော့ ပြီးခဲ့တဲ့ ဧပြီလက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်အပေါ် ဟန်ပြအနည်းငယ်သာ လိုက်နာဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မနေ့က အထူးအစည်းအဝေးမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဘာလာခရစ်ရှ်နန်က အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံအတွင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးကို တွေ့ခွင့်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဘက်မလိုက်ဘဲ လိုအပ်နေတဲ့ နေရာတိုင်းကို ပွင့်လင်းမြင်သာစွာ ပို့ဆောင်ပေးရေး အပါအဝင် သဘောတူညီထားတဲ့ အချက်တွေကို အစီအစဉ်အတိုင်း မြန်မြန်ဆန်ဆန်နဲ့ အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

လာမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ညီလာခံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို မြန်မာနိုင်ငံဆိုင်ရာ အကြံပေးချက်တွေ တင်ပြနိုင်ရေးအတွက် ဆက်လက် ဆွေးနွေးသွားကြဖို့ကိုလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ မနေ့ကကျင်းပခဲ့တဲ့ အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံဘက်က နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်တဦး တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရပေမဲ့ စစ်ကောင်စီဝန်ကြီးကိုတော့ ဖိတ်ကြားခဲ့တာ မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024