ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဟင်္သာရုပ်အဝိုင်းနားမှာ အောက်တိုဘာ ၁၃ ရက်နေ့က ယာဉ်ထိန်းရဲ စစ်ဆေးရေးဂိတ်နားဗုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူ ယာဉ်ထိန်းရဲ ၃ ဦးထိရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲတဲ့ ညနေပိုင်းမှာ ယာဉ်ထိန်းရဲ ၂ ဦးသေဆုံးခဲ့တာဖြစ်ပြီး ပြင်းထန်ဒဏ်ရာရလို့ ရန်ကုန်ဆေးရုံကြီး ခေါ်သွားတဲ့အထဲက ယာဉ်ထိန်းရဲ ၁ ဦး အောက်တိုဘာ ၂၁ ရက်နေ့မှာ ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
“တပ်ကြပ်စိုးမင်းသန်းက စဖြစ်ကတည်း အခြေမနေမကောင်းဘူး၊ ဟင်္သာတဆေးရုံကြီးက ရန်ကုန်ကို အရေးပေါ်လွှဲလိုက်ရတာ။ သူကတော့ တပတ်လောက်ကြာမှဆုံးတာပေါ့။ ကျန်တဲ့သူလည်း သိပ်အခြေအနေ မကောင်းသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ယာဉ်ထိန်းရဲ ၃ ဦးသေဆုံးခဲ့တဲ့ စစ်ဆေးရေးဂိတ်ဗုံးပေါက်ကွဲမှုဟာ တော်လှန်ရေးအင်အားစုတွေဘက်က လုပ်တာဖြစ်နိုင်ပြီး ဗုံးပေါက်ကွဲတဲ့နေရာဟာလည်း အဖမ်းဆီးကြမ်းပြီး ငွေတောင်းများတဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါယာဉ်ထိန်းရဲစစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ရဲတွေက ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။