စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့မရဲစခန်းကို အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီလောက်က လက်နက်ကြီး ၇ လုံးနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေက ၈၀ မမ ၄ လုံး နဲ့ ၁၂၀ မမ ၃ လုံးတို့နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဖွဲ့တာဝန်ရှိသူ ဗိုလ်စွမ်းသူမောင်က “ပစ်တာက ၇ လုံး ။ ၂ လုံးက မြို့နယ်ထွေအုပ်ရုံပေါ် တလုံး ကျတယ်။ မြို့နယ်တရားရုံး ပေါ် တလုံး ကျတယ်။ ကျန်တဲ့ ၅ လုံးကတော့ ရဲစခန်းထဲကို တည့်တည့်ကျတယ်လို့ စစ်ကောင်စီတွေဆီကနေ ပြန်သိထားရတယ်။ တရားရုံးကတော့ ခေါင်မိုးပွင့်ပျက်စီးတာတွေ မြင်ရတယ်။ ရဲစခန်းကတော့ လုံခြုံရေးတင်ကျပ်ထားတော့ အထိခိုက်အပျက်စီးကတော့ လက်တလော စုံစမ်းနေဆဲ” လို့ ပြောပါတယ်။
ဆားလင်းကြီးဒေသခံ ပြည်သူကာကွယ်ရေးအဖွဲတွေက ဆာလင်းကြီးမြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံရုံး၊ ဌာနတွေကို အခုလို ပစ်ခတ်တိုက်ခိုက်တာတွေ အကြိမ်ကြိမ် လုပ်ဆောင်ကြသလို ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေကို မြို့အတွင်းအထိ ဝင်ရောက်ပစ်ခတ်ပြီး လက်နက်တွေပါ ယူဆောင်နိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။