ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ ရွှေလောင်းနယ်မြေရဲစခန်း အောက်တိုဘာ ၂၂ ရက်က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေလောင်းနယ်မြေရဲစခန်းကို အမည်မသိအဖွဲ့က မနက် ၅ နာရီလောက်မှာ ရှော့တိုက်ဒုံးနဲ့ လာပစ် သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “မနက်အစောပိုင်းဆိုတော့ တချို့လည်းမသိလိုက်ကြဘူး ရဲစခန်းထဲတော့ ပေါက်ကွဲသွားတယ်။ ဘာနဲ့ ပစ်တယ်ဆိုတာတော့ မသိဘူး။ ထိခိုက်မှုလည်း မသိရဘူး” လို့ ပြောပါတယ်။
အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်တဲ့ ရှော့တိုက်ဒုံးဟာ ရဲစခန်းဝန်းထဲ ကျရောက် ပေါက်ကွဲခဲ့ ပေမဲ့ အခန်းတွေအပြင်ဘက်မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ရဲစခန်းဝန်းထဲ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက မြို့ထဲ စစ်ကားနဲ့ လှည့်လည်ပြီး ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေလောင်းရဲစခန်းထဲ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရ သေးပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေ လုပ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။