မကွေးတိုင်း မြိုင်မြို့နယ် လင်းကတောရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
လင်းကတောရဲစခန်းကို အောက်တိုဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မြိုင် ပ.က.ဖတပ်ရင်း(၂)၊ ရေစကြို ပ.က.ဖ၊ ပခုက္ကူ Earthquake-PDF နဲ့ ဆာစလင်းကြီး SSTF တပ်ဖွဲ့တို့ ညီနောင်မဟာမိတ် ၄ ဖွဲ့ပေါင်း စီးနင်းတိုက်ခိုက်ခဲ့တာလို့ မြိုင်ပ.က.ဖ တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်ကျောက်တိုင်က ပြောပါတယ်။
အဲဒီ စခန်းကို သိမ်းကာနီးဆဲဆဲ မွန်းလွဲ ၂ နာရီလောက်မှာ မုံရွာ နမခ က ရဟတ်ယာဥ် ၂ စီးနဲ့ မိနစ် ၂၀ လောက် လာရောက်ပစ်ကူပေးလို့ တိုက်ပွဲကို ခေတ္တနားခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီလောက် ထပ်မံစီးနင်းတိုက်ခိုက်ရာမှာလည်း စခန်းသိမ်းတော့မယ့်အချိန် စစ်ကောင်စီဘက်က ရဟတ်ယဥ် ၁ စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘဲ ပြန်ဆုတ်ခဲ့ကြတယ်လို့ ဗိုလ်ကျောက်တောင်က ပြောပါတယ်။
ဒါ့အပြင် မြိုင်မြို့အဝင် စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ စာသင်ကျောင်းကိုလည်း မနေ့က နေ့ခင်းဘက် ၁၂ နာရီလောက်မှာ မြိုင် ပ.က.ဖ တပ်ရင်း (၂) က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ ပြောပါတယ်။
မြင်းမူမြို့နယ် မြို့မရဲစခန်းနဲ့ အထက်တန်းကျောင်းတို့ကိုလည်း အောက်တိုဘာ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း (၇) နဲ့True Fighter အဖွဲ့က အောက်တိုဘာ ၂၀ ရက် ည ၇ နာရီမှာ မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခဲ့သလို အောက်တိုဘာ ၂၁ ရက် မနက် ၅ နာရီမှာ အထက်တန်းကျောင်းကို ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြင်းမူဒေသခံက “အသေအပျောက်ကတော့ ညက ရဲ ၃ ယောက် ထိခိုက်တယ်။ မနက်ခင်းကတော့ ၄ ယောက် ထိခိုက်တယ်လို့တော့ ကြားရတယ်” လို့ ပြောပါတယ်။
Zero ပြောက်ကျားအဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက “ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ရဲစခန်းနဲ့ စာသင်ကျောင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တယ်။ မြို့ပေါ်က သတင်းပေးချက်အရ ၇ ကောင် သေတယ်လို့တော့ သိထားရတယ်။ အလစ်ဝင်ပစ်ခဲ့တာဆိုတော့ အထိခိုက် မရှိခဲ့ဘူး” လို ပြောပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီကသီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။