Home
မြန်မာသတင်း
ပြည်မြို့က လွှတ်တော်ကိုယ်စားလှယ်၏ အစ်မနှင့် တူမတို့ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီး
DVB
·
October 22, 2022
304615210_10159960972712305_1641902818290635563_n

ပဲခူးတိုင်း၊ ပြည်မြို့မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကိုသက်ဝင်းလှိုင်ရဲ့ အစ်မဖြစ်သူနဲ့ တူမဖြစ်သူတို့ကို စစ်ကောင်စီတပ်က လာရောက် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သေခံတွေထံက သိရပါတယ်။

အောက်တိုဘာ  ၂၂ ရက် ဒီနေ့မနက်ပိုင်းက ကိုသက်ဝင်းလှိုင်ရဲ့ အစ်မ ဒေါ်အေးအေးသန်းကို စစ်ကောင်စီတပ်က ဆွဲလှဲရိုက်နှက်ဖမ်းဆီးသွားပြီး မိခင်ဖြစ်သူကို ဖမ်းဆီးတာကြောင့် ဝင်ရောက်တားဆီးခဲ့တဲ့ သမီးဖြစ်သူ  အသက် ၂၀ ကျော်အရွယ် မပိုင်ပိုင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ပြည်မြို့ နဝင်းရပ်ကွက်မှာ နေထိုင်တဲ့ အိမ်နီးချင်းတယောက်က ပြောပါတယ်။

“မနက်က ၈ နာရီခွဲလောက်မှာ ရဲတွေ၊ စစ်သားတွေအများကြီးပဲ ကားတွေလည်းအများကြီးနဲ့ လာဖမ်းသွားတာ၊ န၀င်းရပ်ကွက်၊ လမ်းရှည်လမ်းက အိမ်မှာလာဖမ်းခေါ်သွားတာ၊ သူကကျန်းမာရေးမကောင်းဘူး။ အသက်က ၅၀ ကျော်လောက်ရှိနေပြီ။ သူ့ယောကျ်ားက ပိုဆိုးတယ်။ အိပ်ရာထဲ လဲနေတာ၊ သတိလည်း သိပ်မကောင်းတော့၊ ထမင်းကျွေးတာက လူတယောက်က လုပ်ပေးနေရတာ။ အကုန်ဘာမှလဲ မမှတ်မိတော့ဘူး။ အသက်ကလည်း ၇၀ ကျော်နေပြီ၊ သူ့အနားမှာ  လူတယောက်မှ မရှိရင်မဖြစ်ဘူး၊ အခု မိန်းမနဲ့ သမီးကိုဖမ်းသွားတော့၊ ကတုန်ကယင်နဲ့ ငိုနေတာ။ ဘယ်လိုလုပ်မလဲမသိပါဘူး။ အခုက သူ့မောင်က လက်ရှိ တောခိုပြီး နိုင်ငံရေး ဆက်လုပ်နေလို့ သူ့ကိုဖမ်းတာ ဆိုရင်တော့ထားပါ။ အခုက သူ့မောင်လည်း သေဆုံးသွားပြီလေ။ အခုက ဒီသားအမိက ဘာနိုင်ငံရေးမှ မသိနားမလည်၊ ဘာမှလဲ မလုပ်ဘဲ သက်သက်အနိုင်ကျင့်ပြီးလာဖမ်းတာ”လို့ ပြောပါတယ်။

ဒီမနက် ဖမ်းဆီးချိန်မှာ လာကြည့်သူတွေကိုလည်း စစ်ကောင်စီတပ်တွေက သေနတ်တွေနဲ့ချိန်ရွယ် ခြိမ်းခြောက်ပြီးမှ သားအမိနှစ်ယောက်ကို အတင်းအဓမ္မရိုက်နှက်ဖမ်းဆီးသွားတာလို့လည်း ဒေသခံကပြောပါတယ်။

လတ်တလောမှာ အဆိုပါ အမျိုးသမီး နှစ်ယောက်ကို စစ်တပ်က  ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာနဲ့ ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လွှတ်တော်ကိုယ်စားလှယ် ကိုသက်ဝင်းလှိုင်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးနေတာကြောင့်  တောတွင်း တနေရာကနေ တော်လှန်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေစဉ်  ၂၀၂၁ ခု၊ မေလ ၃ ရက် နေ့မှာ မတော်တဆမှုတခုကြောင့် ကျဆုံးသွားခဲ့ပါတယ်။

ပြည်မြို့ရှိ ကိုသက်ဝင်းလှိုင်ရဲ့ နေအိမ်ကိုလည်း ၂၀၂၂ ခု မတ်လ ၂၉ ရက်မှာ စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024