ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတခုကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၁၆ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဒုရင်းမှူးအဆင့်ရှိသူ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ KNLA တပ်မဟာ ၆ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ညနေပိုင်းမှာ တပ်မဟာ ၆ နယ်မြေအတွင်း ကြာအင်းဆိပ်ကြီးမြို့အနီး ကာလိခီးနဲ့ တကုခီးရွာ အကြားမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KNLA တပ်ကဦးစီးပြီး ပူးပေါင်းတပ်တွေနဲ့အတူ တပြိုက်နက်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတချို့ သေဆုံးပြီး သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တာပါ။
စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ ဒုရင်းမှူးကတော့ ညာဘက်ပေါင်မှာ သေနတ်ထိမှန်တဲ့အတွက် KNU ကျန်းမာရေးဌာန ဆေးရုံကို မော်တော်ကားနဲ့ ပို့ဆောင်ကုသပေးခဲ့တယ်လို့ KNLA တပ်ဖွဲ့ဝင်က ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ထံကနေ လက်နက်မျိုးစုံ ၁၉ လက်နဲ့ ကျည်ဆန်တွေအပါအဝင် စစ်သုံးဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စခန်းသိမ်းတိုက်ပွဲရှိနေသလို တပ်မဟာ ၅ နဲ့ တပ်မဟာ ၁ ဘက်မှာလည်း စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
မွန်ပြည်နယ် သထုံခရိုင်ရှိ ကြာပန်းတိုးဂိတ် ငွေကောက်ခံဂိတ်မှာ ပြည်သူတွေထံက မတရားငွေညစ်ပြီး နှောက်ယှက်ဒုက္ခပေးနေတဲ့ ရဲတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့က အောက်တိုဘာလ ၁၇ ရက် ဒီနေ့မနက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။