တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Palaw – KPDF) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ ၁၃ ရက်က ထုတ်ပြန်ပါတယ်။
မနေ့မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ဒရုန်းတစီးနဲ့ ဗုံးသီး ၃ လုံး လာရောက်ပစ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တယောက် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၂၃ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ်ပစ္စည်းတွေ ကေအန်ယူထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက်လာစေဖို့ တားမြစ်စစ်ဆေးမှု ပြုလုပ်နေတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းမှာ အရင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့ပြီး စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး ပြန်လည်တိုက်ခိုက်လာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အခုလ ၄ ရက်နေ့က နန်းတောင်ကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KPDF နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ခဲ့ပါသေးတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာတော့ ကလိန်အောင်မြို့၊ ကလိန်အောင်တံတားမှာ ဖွင့်ထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး အောက်တိုဘာ ၁၄ ရက် မနက်အစောပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလိန်အောင်မြို့ခံတယောက်က “မနက်မိုးလင်းခါနီး ၄ နာရီလောက်မှာ ပစ်ခတ်သံ အချက် ၃ဝ လောက် ကြားလိုက်ရတယ်” လို့ ပြောပါတယ်။
အခုပစ်ခတ်တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးတယ်လို့ ပြောနေကြပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ဒီနေ့မနက် မိုးလင်းပိုင်းအခြေအနေကို ကလိန်အောင်လမ်းပိုင်း အသုံးပြုသူ ယာဉ်မောင်းတယောက်က “တံတားဖြူနဲ့ ကလိန်အောင်တံတားကြီးမှာ စစ်တပ်ရော ရေတပ်ရော ရဲရော အကုန်ရောက်နေပြီး လမ်းသွားလမ်းလာတွေကို တားပြီးစစ်နေတယ်” လို့ ပြောပါတယ်။
ကလိန်အောင်မြို့မှာ အခုလပိုင်းအတွင်း ညအချိန် သေနတ်ဖောက်သံ ရံဖန်ရံခါ ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေဟာ ကလိန်အောင်တံတားကြီးမှာ နှစ်ထပ်ဘန်ကာဆောက်ကာ စစ်ဆေးရေးဂိတ်ဖွင့်ပြီး နံဘေးကပ်ရက် တံတားအဟောင်းမှာလည်း မိုင်းထောင်ထားတယ်လို့ စာချိတ်ဆွဲထားပါတယ်။
တံတားဖြူအနီးက ဌာနပေါင်းစုံလာထိုင်ပြီး စစ်ဆေးတဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်ကိုတော့ ပြီးခဲ့တဲ့လ နှောင်းပိုင်းက ဖျက်သိမ်းသွားတယ်လို့ လမ်းသွားလမ်းလာတွေက ဆိုပါတယ်။