မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် ၂ သိန်း တင်ပို့ဖို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRF က ဆောင်ရွက်နေရာမှာ ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေနဲ့ MRF သို့ ဆန်တန်ချိန် ၂၅၀၀ ရောင်းချခွင့်ရရှိထားတယ်လို့ ရခိုင်ဆန်ကုန်သည်များအသင်းက သိရပါတယ်။
ရခိုင်ဆန်ကုန်သည်များအသင်း တာဝန်ရှိသူတဦးက "မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRF က ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ဒီနှစ်စပါးပေါ်ရာသီမှာ ဆန်တန်ချိန် ၂ သိန်းတင်ပို့ဖို့ ဆောင်ရွက်ထားတယ်။ အဲဒီအထဲမှာ ရခိုင်က ဆန်တန်ချိန် ၂၅၀၀ ကို MRF က ဝယ်ယူဖို့ရှိတယ်။ အဓိကက အရည်အသွေးကောင်းတဲ့ဆန်တွေဖြစ်ရမယ်"လို့ ပြောပါတယ်။
ဒီလိုအရည်အသွေးမှီ ဆန်တွေ ရရှိဖို့ ရခိုင်ပြည်နယ်ရှိ အရည်အသွေးမီ ကြိတ်ခွဲနိုင်တဲ့ ဆန်စက်ကြီး ၇ လုံးကနေ ဆန်တွေကို အသုတ်လိုက် ရောင်းချသွားမယ်လို့ ရခိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တဦက ပြောပါတယ်။
"ဆန်စက် ၇ လုံးက ဆန်တွေကိုသာ ရောင်းချသွားမှာဖြစ်တယ်။ တတန်ကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းချသွားမှာ။ ဆန်ရရှိနိုင်ဖို့ အခက်အခဲကတော့ သိပ်မရှိနိုင်ပါဘူး။ ဆန်စက်ပိုင်ရှင်တွေနဲ့ သဘောတူပြီးသားပါ။"
ရခိုင်ပြည်နယ်မှာ ပို့ကုန်အရည်အသွေးမီ ကြိတ်ခွဲနိုင်တဲ့ ခေတ်မီ ဆန်စက် ၇ လုံးဟာ ကျောက်တော်မြို့နယ်မှာ ၃ လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၂ လုံးနဲ့ စစ်တွေမြို့မှာ ၂ လုံး ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF က ဆန်တင်ပို့ရာမှာ စစ်တကောင်း ဆိပ်ကမ်းအရောက် ဆန်တတန်ကို ကန်ဒေါ်လာ ၄၆၅ ဒသမ ၅ နှုန်းနဲ့ ရောင်းချမှာဖြစ်ပြီး ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက MRF ထံသို့ ဆန်တတန်ကို ဒေါ်လာ ၄၀၀ နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။