ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီတပ်က ပြည်သူတချို့ကို မတရားဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာနေပြီး စက်တင်ဘာ ၅ ရက် ညနေက အမှတ် ၃ ရပ်ကွက်၊ တောရကျောင်းလမ်းမှာ အမျိုးသမီး ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“အခုရက်ပိုင်းမှာ စစ်တပ်က ပြည်သူတချို့ ဖမ်းတာတွေ လုပ်လာတယ်။ ဘာကြောင့်ဖမ်းတာဆိုတာထက် သူတို့လုပ်ချင်သလို လုပ်တာလေ။ မနေ့က အမျိုးသမီး ၂ ဦး ဖမ်းသွားသေးတယ်။ အခုရက်ထဲ ပြည်သူ ၇ ယောက်လောက်ကို ဖမ်းတာ ဆက်တိုက်ပဲ။ အဖမ်းခံရသူတွေကို ဘယ်ကိုခေါ်သွားတာလဲဆိုတာ စုံစမ်းလို့လည်းမရဘူး။ ရဲစခန်းမေးတော့ မသိဘူး။ မိသားစုဝင်တွေက စိတ်ပူနေကြတယ်။ အခု မြို့အဝင်အထွက်တွေကော မြို့ထဲတွေမှာပါ လုံခြုံရေး တိုးမြှင့်ထားတာတွေ့ရတယ်။”
စက်တင်ဘာ ၂ ရက်နေ့က ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ အောင်ဧရာကုန်စည်ဝန်းက မိုင်တဲလ်ရုံးကို အဝေးထိန်းဗုံးနဲ့ Pathein Special Task Force နဲ့ ကန်ကြီးထောင့် ပကဖ တို့က တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ် အဓိကဒေါက်တိုင်တွေကို တိုက်ခိုက်သွားမယ်လို့လည်း PSTF က သတိပေးစာ ထုတ်ပြန်ထားပါတယ်။
အလားတူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်မှာလည်း အောက်တိုဘာ ၅ ရက် ညနေပိုင်းက ဒေသခံ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ငါးပြေမကျေးရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ လောက်က အကြောင်းပြချက်မရှိဘဲ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “ညနေ ၅ နာရီလောက်မှာ စစ်သားအယောက် ၂၀ လောက် ရွာထဲဝင်လာပြီး ဖမ်းသွားတာ။ ဘာလို့ဖမ်းတာလဲဆိုတော့ စစ်ဆေးစရာရှိလို့ဆိုပြီး ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းသွားတာ။ အဖမ်းခံရတာ လူငယ်တဦးရယ်၊ လူလတ်ပိုင်းနှစ်ဦးပါ။ အဖမ်းခံရတဲ့သူတွေက ကျေးရွာမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေပါပဲ” လို့ ပြောပါတယ်။
ငါးပြေမကျေးရွာက အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက်ကလည်း ဟိုင်းကြီးကျွန်းမြို့နယ် ဇီးချိုင်ကျေးရွာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။