မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို မြန်မာဘက်မှလာတဲ့ အိမ်စီးကားနဲ့ မော်တော်ယာဉ်ငယ်တွေ ဝင်ထွက်သွားလာခွင့် ၂ နှစ်ကျော်ကြာ ပိတ်ထားရာကနေ အောက်တိုဘာ ၅ ရက်မှာ ထိုင်းအာဏာပိုင်တွေက ပြန်လည် စတင်ဝင်ရောက်ခွင့်ပြုလိုက်ပါတယ်။
မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကနေ အောက်တိုဘာလ ၅ ရက် မနက် ၈နာရီ မှ စတင်ကာ အိမ်စီးကားယာဉ်မောင်းအပါအဝင် ဈေးဝယ်နဲ့ အလည်လာမယ့် မြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့တွင်းသို့ သွားလာခွင့်ပေးလိုက်တာဖြစ်ပါတယ်။
မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲဆောင်ရွက်မှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက “ကုန်တင်ကားနဲ့ အိမ်စီးကားတွေ မဲဆောက်နဲ့ မြဝတီ ဟိုဘက်ဒီဘက် ကူးချည်သန်းချည် ဖွင့်ပေးလိုက်တဲ့သဘောပါ၊ ကုန်တင်ကားက နဂိုကတည်းက လာလို့ရတယ်၊ အခု အိမ်စီးကားက မနေ့က စဝင်လို့ရပြီ၊ လဝကအစီအစဉ်နဲ့ တစ်ရက်တာဝင်ရောက်ခွင့်လက်မှတ်နဲ့ ဝင်ရတာပါ၊ ကုန်တင်ယာဉ် ၁ စီးဆိုရင် ယာဉ်မောင်း ၁ ဦး၊ ယာဉ်အကူ ၂ ဦး စုစုပေါင်း ၃ ဦး ၊ အိမ်စီးကားဆိုရင် ယာဉ်မောင်းအပါအဝင် ၅ ဦးထိ ဝင်ခွင့်ပြုတယ်၊ မပြန်ဘဲ နေခဲ့လို့တော့ မရဘူး ၊ လာတဲ့အတိုင်း ပြန်ဖို့ အာမခံတွေ လုပ်ထားတယ်၊ အပြန်မှာ ကားထဲ ကလူမစေ့ရင် ယာဉ်မောင်းမှာ တာဝန်ရှိတယ်ပေါ့။“
အခုလို အိမ်စီးယာဉ်တွေပါ ဖွင့်ပေးလိုက်ခြင်းအားဖြင့် မြဝတီဘက်ကလူတွေလည်း လူသုံးကုန် အိမ်သုံးကုန်ပစ္စည်းတွေ လွတ်လပ်စွာ လာဝယ်နိုင်ပြီး နှစ်နိုင်ငံ ရေကုန်စည်စီးဆင်းစေကာ ရောင်းဝယ်ဖောက်ကားမှုကို ပိုကောင်းစေကြောင်း၊ နှစ်နှစ်ခွဲကြာ ပိတ်ထားလို့ မွန်းကျပ်နေတဲ့ စိတ်ထွက်ပေါက်ကို အနည်းငယ်ဟပေးလိုက်သလိုဘဲလို့ ဦးမိုးကြိုးက ပြောပါတယ်။
အောက်တိုဘာ ၅ ရက်မှာ မြဝတီမြို့မှ မဲဆောက်မြို့ကို အိမ်စီးကား ၅ စီး သွားရောက် ကုန်ပစ္စည်းဝယ်ယူကြပြီး အောက်တိုဘာ ၆ ရက်မနက်ပိုင်းမှာ မြဝတီမြို့မှ ယာဉ်ငယ် ယာဉ်ကြီး မှန်လုံကားနဲ့ အိမ်စီးကားတွေ အစီး ၄၀ လောက်ဝင်ရောက်လာပြီး မှန်လုံကားကိုတော့ ခရီးသည် ၅ ဦးအထိ မဲဆောက်မြို့ထဲကို ဝင်ခွင့်ပြုထားပါတယ်။
မြန်မာဘက်မှလာတဲ့ အိမ်စီးကားတွေကို အခုလို ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့်ပြုတာဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ပထဆုံးအကြိမ်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သည်ကြီးများအသင်းရဲ့ ဆွေးနွေးမှုရလဒ်လည်းဖြစ်ပါတယ်။
အလားတူ တာချီလိတ် - မယ်ဆိုင် အမှတ် ၂ ချစ်ကြည်ရေးတံတားမှာလည်း အိမ်စီးကားတွေ နေ့ချင်းပြန် ဝင်လို့ရပြီဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြထားတာတွေ့ရပေမဲ့ ကာယကံရှင် ကားသမားတွေကိုတော့ ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။