စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီလောက်က မြောက်ယမားချောင်း ရေကြီးလျှံမှုကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီး ဆုံးရှုံးခဲ့ရသလို လယ်ယာသုံးပစ္စည်းတချို့နဲ့ နေအိမ်တလုံးလည်း ရေထဲမျောပါ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကပိုင်ကျေးရွာနေ ပြည်သူတွေ စိုက်ပျိုးလုပ်ကိုင်နေတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးသွားတာဖြစ်ပြီး ကပိုင်ကျေးရွာရဲ့ ဘေးပတ်လည်ရှိ မြေနုကျွန်းမှာ စုစုပေါင်း စိုက်ပျိုးဧက ၂၀၀ ဝန်းကျင်ခန့် ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီကျွန်းတွေပေါ်မှာ အရင်နှစ်တွေတုန်းကလည်း ပဲတီစိမ်း၊ မြေပဲသီးနှံအများဆုံး စိုက်ပျိုးပြီး အဲဒီကြားထဲမှာ တခြားသီးနှံတချို့ကို စိုက်ပျိုးကြသလို အခုနှစ်မှာလည်း အဲဒီသီးနှံတွေကို ထပ်မံစိုက်ပျိုးထားကာ ရေကြီးလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ သီးနှံအားလုံး ရေထဲ မျောပါသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ရေလျှံမှုကို ကြုံနေရတဲ့ ကပိုင်ကျေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အဆောက်အအုံပေါင်း ၅၀၀ ကျော်လောက် မီးလောင်ကျွမ်းခံခဲ့ရပါတယ်။
ဒါ့အပြင် စစ်ဘေးကြောင့် အခက်အခဲတွေရှိနေသေးသလို ရေဘေးကပါ ထပ်မံကြုံတွေ့နေကြရတာကြောင့် စေတနာရှင်ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ကူညီပေးကြဖို့လည်း ဒေသခံတွေက အကူအညီတောင်းခံထားပါတယ်။