ဧရာဝတီတိုင်း၊ ဇလွန်မြို့မှာ ဘဲလ်မပါတဲ့စက်ဘီးတွေ စစ်ကောင်စီတပ်သားတွေကို ဒဏ်ငွေ ၈၀၀၀ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အဝင်စစ်ဆေးရေးဂိတ်တွေနဲ့ မြို့ရဲ့လူစည်ကားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံ ဝန်ထမ်းတွေက စစ်ဆေးလေ့ရှိပြီး ဆိုင်ကယ်တွေ ဖမ်းဆီးတာမျိုး ပြုလုပ်တာဖြစ်ပေမယ့် စက်ဘီးစီးလို့ ဘဲလ်မပါလာရင်လည်း ဒဏ်ငွေပေးဆောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
“မြို့ထဲမှာက နည်းနည်းတော်တယ်၊ ဆိုးတာက မြို့အဝင် ပျဉ်းမကုန်းလမ်းဆုံ စစ်ဆေးရေးဂိတ်က အတော်ဆိုးတယ်။ စက်ဘီးဘဲလ်မပါတာက အစတောင်းတာ။ အဲ့ရောက်ရင် အကုန်ပြည့်စုံရင်တောင် အပြစ်ရှာပြီးတောင်းတာ ခံရတယ်။ နောက်ဆုံးစက်ဘီးတောင် ဘဲလ်မပါလို့ဆိုပြီး ဒဏ်ရိုက်တာ စဉ်းစားသာကြည့်ပါတော့” လို့ ဇလွန်မြို့ခံ ပြည်သူတဦးက ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ကလည်း ကန်စွန်းရွက်ရောင်းပြီး ပြန်လာတဲ့ အမျိုးသမီးတဦးကို စက်ဘီးမှာ ဘဲလ်မပါလို့ဆိုပြီး ဒဏ်ငွေ ၈၀၀၀ ဒဏ်ရိုက်ခဲ့သေးတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာက စတင်ကာ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီတပ်သားတွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးမှုအကြောင်းပြကာ ချလံမဖြတ်ဘဲ ဒဏ်ရိုက်ပြီး လုံခြုံစောင့်တဲ့အဖွဲ့တွေအတွက် ရန်ပုံငွေရှာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။