Home
ဆောင်းပါး
ဘုန်းကြီးဆိုးနဲ့ အာဏာရူးတို့ ဆရာ ဒါယကာ ဖြစ်ကြရာဝယ်
DVB
·
October 2, 2022
arnar

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ဂုဏ်ရည်ကို ပြပါဆိုလျှင် ခိုးဆိုးလုယက် ဓားပြတိုက်၊ မုဒိမ်းကျင့် လူသတ် အလောင်းဖျောက် ဒါတင်မက လက်နက်မဲ့သူကို အနိုင်ကျင့်သလောက် လက်နက်ကိုင်သူချင်း တွေ့လျှင် အသေဆိုးနဲ့သေ၊ မသေရင် အပြေးအလွှား အညံ့ခံ တပ်မရှော်ဟု ပြောရမည်ဖြစ်သည်။

အာဏာသိမ်းပြီးကတည်းက ခိုးဆိုးလုယက်ဖို့ ကျေးရွာတွေကို မီးတိုက်တာ၊ လူအများရှေ့ ကြောက်ရွံ့စေဖို့ ပစ်သတ်ပြတာ၊ မေးစရာရှိလို့ပါဆို ခေါ်သွားပြီး သတ်ပစ်တာအဆုံး ထိုမှတဖန် မင်းဆရာဖြစ်ချင်သူ သင်္ကန်းဝတ်က လူသတ်တာကို အားပေးတရားဟောကာ ဘာသာရေးနှင့် မတရားမှုကို ရောထွေးကာ ကံကိုပုံချပြီး ချင်း(ဂျင်း)ထူထူ ကျွေးနေကြသည်ကို မျက်မှောက်ကာလမှာ မြင်နေ ကြားနေ သိနေရသည်။

ဂူ ဝီ ကိန် ဂိုဏ်းအပါအဝင် နိုင်ငံတော်အဆင့် သတ်မှတ်ထားသည့် ရဟန်းဆိုးများသာမက မြို့နယ် ကျေးရွာတချို့မှာလည်း ဒုသီလ သီလပျက်သူရဟန်းများလည်း ဆိုးသွမ်းလာကြသည်ကို ယခုမြို့နယ်က ဖြစ်စဥ်အရ ထင်ရှားသည်ကို တွေ့ရသည်ဟု ပြောရမည်ပင် ဖြစ်သည်။

မင်းတုန်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ဘုန်းကြီးနှင့် စကစခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာအတွင်းရှိ အလှူမထည့်သူများကို ဘာသာရေးကြဥ်မည်ဟု ခြိမ်းခြောက်လျက် ခေတ်သစ်ကျွန်ပြုနည်းနဲ့ နှိပ်စက်ခံနေရသည်ဟု မခံရပ်နိုင်သည့် ရွာသားတချို့က ပြောဆိုနေကြသည်။

ထိုနေရာသည် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးအနီး ကားလမ်းဘေးရှိ ရွာတရွာမှာ ဖြစ်ပေါ်နေသည့် ပြဿနာပူပူနွေးနွေး ဖြစ်သည်။

ဖြစ်စဥ်အရ ထိုရွာတွင် ကျောင်းထိုင်သော အသက် ၅၀ ခန့် ဘုန်းကြီးသည် အိန္ဒိယမှ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော ဒေါက်တာဘွဲ့ရလာပြီး မင်းတုန်းဒေသရှိ ကန်လည်ဂိုဏ်းတွင် ပညာအတတ်ဆုံးဘုန်းကြီး ဖြစ်သည်ဟု ဘုန်းကြီးကိုယ်တိုင်နှင့် သူ၏ဆွေမျိုးသားချင်းများက မြှောက်စားဂုဏ်ယူကြသည်ဟု ဆိုသည်။

ထိုနေရာသို့ ကိုယ်တိုင်သွားကြည့်မည်ဆိုလျှင် အကျယ် ၂ ဧကခွဲခန့်ရှိသော ခြံဝင်းကျယ်ကြီးကို ၆ ပေခန့်အမြင့်ရှိ အုတ်တံတိုင်းကြီးနှင့် လုံအောင်ကာထားသည်။ ထိုအထဲတွင် လုံးပတ် ၃ ပေခွဲနှင့် ၃ ပေခန့်ရှိသော သံဖိနပ်ခံ ကျွန်းသစ်တိုင်လုံးများနှင့် ပျဥ်ထောင်စီ သွပ်မိုးနှစ်ထပ် ကျောင်းဆောင်ကြီးကို မြင်ရမည်။ ဘေးပတ်လည်တခုလုံး နှစ်ရှည် သီးပင် စားပင်များနှင့် သာယာဖွယ်ရှိသည်။ ထိုမှ လှည်းလမ်းတလမ်းစာခြား၊ တောင်ကုန်းမို့မို့ကို ဘုန်းကြီးက ဝယ်ယူကာ ကျောင်းအဖြစ် ပုံဖော်နေသည့် ဆောက်လုပ်ဆဲ သံကူကွန်ကရိတိုင်များ စိုက်ထူထားသည့် ဆောက်လက်စ အဆောက်အဦတခု ရှိသည်။ ထိုအဆောက်အဦသည် ကာလတန်ဖိုး သိန်း ၃,၀၀၀ ကုန်ကျမည်ဟု တွက်ချက်ထားသော ဘုန်းတော်ကြီး ကျောင်းဆောင်အသစ်ရဲ့ ဆောက်လက်စကို မြင်ရမည်ဖြစ်သည်။

ထိုကျောင်းဆောက်လုပ်ရန် ကျေးရွာနေ ရွာခံကျေးရွာသူ ကျေးရွာသားတို့က လူမှုစီးပွားအလိုက် စီးပွားသင့်သူ ပထမတန်းက သိန်း ၃၀၊ ထိုမှ ဒုတိယ ၂၅ သိန်း တဆင့်ဆင့် ခွဲတမ်းသတ်မှတ်ပြီး မုဆိုးမ လက်လုပ်လက်စားက ၇ သိန်း ပါဝင်ပါမည်ဟု လက်မှတ်ထိုး ခံဝန်ထားရသည်ဟု ဆိုသည်။

ထိုကဲ့သို့ အလှူငွေမထည့်နိုင်သည့် အိမ်တချို့ကို လျှပ်စစ်မီးမပေးဘဲ ဖြတ်တောက်ထားပြီး အလှူအတန်းနှင့် နာရေးဆိုလျှင် ဘုန်းကြီးမကြွ ”ကြဥ်”သည်ဟု ဆိုသည်။ ထိုမှတဆင့် ရွာတာဝန် ပျက်ကွက်သည်ဟုဆိုကာ ရွာမှနှင်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရွာရှိသူတွေနှင့် အစည်းအဝေး အကြိမ်ကြိမ်ခေါ်ကာ နှင်ထုတ်ဖို့နှင့် မလိုက်နာပါက အိမ်မီးတိုက်ပြီး သတ်ဖြတ်ပစ်ရန်အထိပင် ရွာအုပ်ချုပ်ရေးမှူးနှင့် ခြယ်လှယ်သူတစုက လှုံ့ဆော်နေသည်ဟု ဆိုသည်။

“ဘုန်းကြီးက အဲဒီအိမ်ကို မီးတိုက်၊ ထွက်လာရင် ယီးနဲ့ပတ်ရိုက်လို့ ရင့်ရင့်သီးသီးပြောတာ နားနဲ့ သေချာကြားရတယ်” ဟု ရွာသားတဦးက ထိတ်လန့်စွာ ပြောသည်။

မြန်မာ့လူနေမှုစနစ်အရ ရှေးအခါက ကျေးရွာပြည်သူများက ရွာဦးကျောင်းဆရာတော်ကို မှီခိုကြရသည်။ ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ဘုရားဖူးခြင်း ဆေးရုံပြခြင်းများကို ဘုန်းတော်ကြီးက ဦးဆောင်၍ လိုက်လံပို့ဆောင်ရပြီး တည်းခိုစရာ ဘုန်းတော်ကြီးကျောင်းများ အဆင်သင့်ရှိကာ ခေတ်အခြေအနေကို စာပေတတ်သူများပီပီ အားကိုးရသည်။ ထိုခေတ်ထိုအခါက မြေဆီမြေနှစ်နှင့် ရာသီဥတု ကောင်းမွန်မှုတို့ကြောင့် တောင်သူများ စားဝတ်နေရေး အဆင်ပြေပြီး ကျန်းမာရေးကောင်းမွန်ကြသည်ဟု ဆိုသည်။ နိုင်ငံအနှံ့ စာသင်တိုက်တွေမှာ စာသင်စာချခဲ့ကြလို့ မင်းမှုရေးရာနှင့် ဆေးဝါးအတတ် လူမှုရေးဘာသာစာပေတို့ နှံ့စပ်ကြကာ ဒါယကာ၊ ဒါယိကာမတို့ကို ဦးဆောင်နိုင်ခဲ့ပြီး အလိုလောဘနည်းကာ တင်းတိမ်ရောင့်ရဲကြသည်ဟု ဆိုသည်။ ခေတ်ကာလ တဖြည်းဖြည်း ဆုတ်ယုတ်လာစဥ်မှာ စားဝတ်နေရေး အဆင်မပြေသူတချို့ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းသားအဖြစ် နေထိုင်စားသောက်ပြီး ကြီးပြင်းလာသူတချို့နှင့် ကျောင်းသားမှ သာမဏေ ကိုရင် ထိုမှ ရှင်ရဟန်း စသည် ဖြစ်လာသူ တော်တော်များများသည် အလိုကြီးကြသည်ဟု ဆိုသည်။

“ဒါယကာ ဒါယိကာမတွေကို ဒေါသ လောဘ မောဟတွေ လျှော့ဖို့ပြောပြီး သူတို့ကိုယ်တိုင်က ကားပြိုင် ကျောင်းပြိုင် မိန်းမပြိုင် ချမ်းသာပြိုင်နေကြပြီး အတင်းအဓမ္မအလှူခံတာ မသင့်တော်တာ သူတို့သိသိကြီးနဲ့ ဇွတ်လုပ်နေတာ ဘုန်းကြီးမှီပြီး စားရတဲ့လူတွေ လောဘနဲ့ ကပ်လိုက်တော့ ပြောစရာမကျန်တော့ဘူး” ဟု အသက် ၃၂ အရွယ် စာချတန်းအောင်ထားတဲ့ လူပြန်တော်တဦးက ပြောသည်။

အခုခေတ် မသူတော်ဘုန်းကြီးတချို့သည် နိဗ္ဗာန်ရောက်ကြောင်းတရားကို တွင်တွင်မိတ္တူယူပြောပြီး တရားမဲ့လာကာ ညစာစား၊ အရက်သောက်၊ ဖုန်းထဲ အပြာကားထည့်သူထည့်၊ အင်္ကျီဝတ် တရားမဲ့အလှူခံ လူယုတ်မာကို ခေါင်းဆောင်တင်ခြင်း စသဖြင့် ခေတ်ပျက်မှာ အစွမ်းကုန် ယုတ်မာနေကြသည်ဟု ဆိုသည်။

“ဘုန်းကြီးတွေလို့ မသုံးနဲ့။ သီလရှိတဲ့ ဘုန်းကြီးတွေ မရေတွက်နိုင်အောင် ရှိတယ်။ ကိုယ်က ရွေးချယ်ရင် ရပါတယ်။ ဝိနည်းကို လူဝတ်ကြောင်တွေလည်း လေ့လာလို့ရပါတယ်။ သမုတိသံဃာဖြစ်လို့ နေရာတိုင်းကို အရိယာပေတံနဲ့ တိုင်းနေရင် ကိုယ့်ဘဝ နစ်နာမယ်၊ လူဝတ်ကြောင် ပုထုဇဥ်က အရိယာကို မခန့်မှန်းနိုင်ဘူး။ ဆိုးတာကို ဆိုးတာ လက်ညှိုးထိုးပြလိုက်တာ ဖြစ်တယ်။ အသုံးအနှုန်းတွေကို ပြောတာပါ။ ကျနော်က ရှင်းတယ်၊ မနေနိုင်လို့ ထွက်လာတာ။ ခေတ်အခြေအနေအရ ပါဏာတိပါတာကို ရှင်းအောင် အဓိပ္ပာယ်မဖွင့်နိုင်ရင် ဆွမ်းငတ်နိုင်တယ်” ဟု အထက်ပါ လူပြန်တော်ပုဂ္ဂိုလ်က ပြောသည်။

မင်းတုန်းမြို့နယ်အတွင်း ကျီးကန်ရွာနှင့် အခြားကျေးရွာတချို့တွင် တနေ့လျှင် ဂေါပကတဦးနှင့် အပါအဝင် ရွာသား ၃ ဦး၊ ပေါင်း ၄ ဦးက ကျောင်းစောင့်နှင့် ဆွမ်းခံတာဝန်ယူရပြီး မြက်နုတ် ပေါင်းထိုး ကျောင်းဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်သားအဖြစ် ဝင်ရောက် လုပ်ကိုင်ပေးနေရကာ တာဝန်ပျက်ကွက်လျှင် လူငှားထည့်ဖို့ ၅,၀၀၀ ကျပ် ပေးရသည်ဟု ဆိုသည်။

“လူငှားလည်း ထည့်ချင်တိုင်း ထည့်လို့မရဘူး။ ကိုယ်ငှားမယ့်သူ ဘယ်သူဖြစ်ကြောင်း ဘုန်းကြီးကို အရင်တင်ပြရတယ်။ သူ မကြိုက်ရင် လက်မခံဘူး။ အဲ မလုပ်မဖြစ် အလုပ်ပေါ်လာလို့ နေ့တပိုင်းနဲ့ ပြီးချင်ရင် ဘုန်းကြီးကို ၂,၅၀၀ ကပ်ခဲ့မှ ပြန်လို့ရတယ်။ ဒီနေ့ညနေကနေ နောက်နေ့ညနေအထိပဲ တာဝန်ချိန်က အရမ်းပင်ပန်းတယ်” ဟု မခံမရပ်နိုင်သည့် ရွာသားတဦးက ပြောပြသည်။

ထိုကဲ့သို့ ရွာကို ခြယ်လှယ်နေသည့် အခြားတဦးက ဆိုရှယ်လစ်ခေတ်ကတည်းက ရွာကို အနိုင်ကျင့်သူဖြစ်ပြီး ယခု စစ်ကောင်စီလက်ထက်မှာ ပိုဆိုးလာသည်ဟု ဆိုသည်။ ကျီးကန်ကျေးရွာ ဖြစ်စဥ်တချို့ သတင်းဌာနတချို့မှာ သတင်းအဖြစ် ပါလာပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နစ်နာသူ ဆိုသူတချို့ကို ခေါ်တွေ့ပြီး “မင်းတို့ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား အလှူပဲကွာ” ဟု ပြောဆိုခံရသည်ဟု ဆိုသည်။

“တကယ်တော့ သူ့လစာတောင် တလ ၃ သိန်းလောက်ရတာ၊ သူ လှူနိုင်လို့လား။ သိန်း ၃၀၊ ဒါနဲ့ မပြီးသေးဘူး။ လိုဘမပြည့်မချင်း ထပ်လှူရဦးမှာ” ဟု နစ်နာနေသူတဦးက ပြောသည်။

ထိုဘာသာရေးခေါင်းဆောင်သည် ကျီးကန်ရွာ၏ ယခင် ရဟန္တာဟု သမုတ်ခံရသော ပျံလွန်တော်မူသွားသည့် ဆရာတော်ကြီး၏တပည့်ဖြစ်ပြီး ထိုရွာကျောင်းမှတဆင့် စာသင်တိုက် သွားရောက်ကာ ယခုကဲ့သို့ ဘွဲ့ရလာကာ ပညာသင်စရိတ်ကိုလည်း နှစ်စဥ် ရွာက ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

“အဲဒီ ခြယ်လှယ်နေတဲ့လူတွေက တပည့်တော်တို့က ပညာသင်စရိတ်လှူပါတယ်ဆို ကပ်တာ။ တကယ်က ဟိုခေတ်က တအိမ် ၅၀၀၊ ၁,၀၀၀ ကောက်ပြီး သူတို့က လူလည်လုပ် ကပ်တာ။ ဒါကို ဘုန်းကြီးက မနေ့တနေ့ကမှ သိရလို့ အံ့သြစွာနဲ့ ဟေ တဲ့၊ အဲလိုတွေပါဆို” ဟု ကျောင်းစောင့်တာဝန်ကျဖူးသူ အသက် ၅၀ အရွယ် အမျိုးသားတဦးက ပြောသည်။

ယခုအချိန်အထိ တရားမျှတမှုကို မရရှိသေးဘဲ မြို့နယ်အုပ်ချုပ်ရေးက ရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်လိုက်တွေကို အကြိမ်ကြိမ် ခေါ်တွေ့နေသည်ဟု စုံစမ်းသိရသည်။ သတင်းဌာနသို့ တင်သူကို စုံစမ်းနေပြီး PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ ဇာတ်လမ်းထွင်လာပြီး ရွာကနှင်ထုတ်ဖို့ ဆွေးနွေးပွဲ အကြိမ်ကြိမ်ခေါ်ယူနေသည်ဟု သိရသည်။

“ရွာက နှင်ထုတ်တယ်ဆိုတာ ရွာကျက်သရေယုတ်အောင် ဘာလုပ်လို့လဲ။ ဖဲမရိုက်ဘူး။ ကြက် မတိုက်ဘူး။ လောင်းကစားမလုပ်ဘူး။ ပြည့်တန်ဆာမထောင်ဘူး။ ဒါနှင်ထုတ်လို့ရလား။ ကျနော်တို့က ဒီနိုင်ငံသားလေ၊ ကိုယ်ရေးအချက်ပြည့်စုံရင် ဘယ်ရွာနေနေ နေခွင့်ရှိတယ်။ လူအခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်။ ဘာအမှုပဲဖြစ်ဖြစ် မဆွေးနွေးဘူးဆိုတာ ပညာမတတ်ဘဲ လူကြီးလုပ်တော့ မသိရှာဘူး” ဟု မင်းတုန်းဒေသခံတဦးက ပြောသည်။

ကျီးကန်ရွာမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး အုပ်ချုပ်ရေးမှူးရဲ့ဆွေမျိုးက ၈၀ ရာခိုင်နှုန်းခန့်ရှိကာ ၇ သိန်း ခွဲတမ်းကျသည့် မုဆိုးမလည်း ၂ သိန်းသာ ထည့်နိုင်သေးလို့ ကျန်ငွေကို လယ်ကိုင်းရောင်းထည့်ရန်နှင့် မထည့်လျှင် ရွာကနှင်ထုတ်မည်ဟု ခြိမ်းခြောက်နေသည်ဟု ဆိုသည်။ ဘုန်းကြီးကလည်း ဒီရွာမှာ သူ ကျောင်းမထိုင်ရရင် ဘယ်သူမှ ထိုင်မရအောင် လုပ်မည်ဟု ပြောဆိုထားသဖြင့် ဘုန်းကြီးမဲ့ရွာ အဖြစ်မခံနိုင်၍ တချို့အကြောင်းအရာတွေ ထိန်းနေရသည်ဟု ရွာခံတချို့က ပြောကြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာစာတမ်းတို့သည် ကိုယ်ကျိုးရှာ စစ်တပ်လက်အောက်တွင် အသက်ပျောက်နေပြီ ဖြစ်သည်။

တရားမဲ့မှုများစွာကို ပြည်သူအားလုံး ခံစားနေရသည်။ တရားမဲ့ စစ်အာဏာရှင်နှင့် ကိုယ်ကျိုးရှာ ရဟန်းဆိုးတချို့တို့က နိုင်ငံတဝန်းမှာ အဖျက်အမှောင့်လုပ်ရပ်များ ကျူးလွန်ကာ စစ်အာဏာရှင် အလိုကျ မိမိကောင်းစားရေးအတွက် ရမ်းကားနေဆဲ ဖြစ်တော့သည်။

ဒေးဗစ်ထန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024