Home
ဆောင်းပါး
စစ်ကြောရေးငရဲခန်းကို ဖြတ်သန်းခဲ့ရပြီး အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် လူငယ် ၁ ဦး၏ စွန့်စားခန်း
မောင်တူး
·
October 2, 2022
PS_Interview-1
530200-279118345_1076491969877742_8645697170810043291_n-730x365-1
BAD
551987-Pha-Ann-Prison-730x365-1
PS_Interview

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ  ပါဝင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးနှိပ်စက်တာ ခံခဲ့ရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရတဲ့ ရန်ကုန်မြို့က လူငယ်တဦးဖြစ်တဲ့ ကိုပြည့်စုံ (အမည်လွှဲ) ဟာ ပြီးခဲ့တဲ့  ဇွန်လက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ တောင်ကလေးအကျဉ်းထောင်က နေ သက်စွန့်ကြိုးပမ်း ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။  

သူဖမ်းဆီးခံရစဉ်  စစ်ကြောရေးမှာ စစ်တပ်၊ ရဲနဲ့ စရဖတွေရဲ့  နှိပ်စက်တာ ခံခဲ့ရပုံတွေနဲ့    အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက တွေ့ဆုံမေးမြန်းရာမှာ  ပြန်လည်ပြောပြထားပါတယ်။

(အပြည့်အစုံ) 

မေး။ ညီလေးအနေနဲ့ ထောင်မကျခင်မှာ  ဘာလိုဖြစ်ပျက်တာရှိလဲ။ ဘာကြောင့် ဘယ်လို အဖမ်းခံရတာလဲ အရင်ဆုံး ပြောပြပါလား။

ဖြေ။ “အဖမ်းခံရတာကတော့ ကျနော် တောထဲကအပြန် ဘားအံ၊ သံလွင်တံတားမှာ အဖမ်းခံရတယ်။ သံလွင်တံတားရောက်တော့ ကျနော်တို့ကို ကားပေါ်ကလူတွေ အကုန်ဆင်းခိုင်းပြီးတော့ မှတ်ပုံတင်တွေစစ်တယ်။ ပြီးတော့ ဖုန်းတွေကို စစ်တယ်ပေါ့။  ဖုန်းတွေကို   စစ်တဲ့အပိုင်းမှာ ကျနော်က အရင်နယ်ပြန်တုန်းက မွေတကောင်ရတာကို ကျနော်ဗီဒီယိုရိုက်ထားတာရှိတယ်။ အဲဒါကို သူတို့ကတွေ့တယ်။ တွေ့တော့ သူက မနေသာဘူးနဲ့တူပါတယ်။ ဒီမြွေက ဘယ်ကလဲ၊ ဘယ်ကရိုက်ထားလဲ။ ကျနော်အဲဒါ နယ်ပြန်တုန်းက ရိုက်ထားတယ်လို့ပြောတယ်။ ဒါပေမဲ့ သူက အဲဒါကို မယုံဘူးနဲ့တူပါတယ်။ အဲဒါသူပြောပြပြီးတော့ ကျနော့်ကို ညီတဲ့ ခဏလိုက်ခဲ့ဦးတဲ့။ ကျနော့်ကို ဘေးနားကအခန်းထဲ ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ကျနော့်ကိုထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့ ကျနော်ဖုန်းထဲကဟာတွေကို ပြန်ဖော်တယ်ပေါ့။ ပြန်ဖော်တော့ အရင်ဦးဆုံး လက်နက်တွေ မိထားတဲ့ဟာတွေ့တယ်။ ပြီးတော့ တော်လှန်ရေးက တချို့ဓာတ်ပုံတွေတယ်။ တွေ့တော့ အဲဒီကနေ စပြီးတော့ စစ်မေးတယ်။ ကျနော်အဖမ်းခံရတဲ့အချိန်က နေ့လယ် ၁၂နာရီခွဲလောက်အချိန်ရှိတယ်။ အဲဒီကနေ ၅ နာရီခွဲလောက်အထိ အဲဒီမှာ အမျိုးမျိုးစစ်ဆေးတယ်။”

မေး။ စစ်ကြောရေးလုပ်တဲ့အခါ ဘယ်လိုမျိုးခံစားရလဲ။ နှိပ်စက်တာတွေဘာတွေ့ရှိလား။ 

ဖြေ။ “စစ်ကြောရေးလုပ်တဲ့အခါ သူတို့စစ်တဲ့အချိန် ပြင်းပြင်းထန်ထန်တော့မစစ်ဘူး။ သူတို့ စစ်တယ်။ တခုမေးတယ်။ အဓိကကတော့ သူတို့ကတော့ ဘယ်လိုပဲနေနေ ရိုက်မှာပဲ။ ဒါကတော့ စကတည်းက ကျနော်သိပြီးသား။ ကျနော်တို့ အစကတည်းက ဘာဖြစ်ခဲ့တယ်။ ဘယ်လိုပြောရမယ်ဆိုတာ ကိုယ်တတ်နိုင်သလောက် စဉ်းစားထားပြီးသား။ ဖုန်းထဲက ပုံတွေ မိတယ်ဆိုတာ ပုံက များများစားစားလည်းမဟုတ်ပါဘူး။”

 မေး။ အဲဒီစစ်ကြောရေးမှာကော အဖွဲ့ဘယ်နှဖွဲ့လောက်စစ်လဲ၊ စရဖတို့၊ SBတို့လိုပေါ့။

ဖြေ။ ‘ပထမဦးဆုံး ကျနော်အဖမ်းခံရတဲ့ ၁၂ နာရီလောက်ဝန်းကျင်ကနေ ၅ နာရီခွဲလောက်အထိ စရဖက စစ်တာမဟုတ်သေးဘူး။ အဲဒီမှာ တာဝန်ကျနေတဲ့သူတွေပဲ အရင်စစ်တယ်။ စစ်ပြီးတော့မှ သူတို့မြို့‌မရဲစခန်းကို ဖုန်းဆက်ပြီးမှခေါ်တယ်။ အဲဒီကနေ ရဲ နှစ်ယောက်နဲ့၊ ဒီကတယောက်ရယ် ပေါင်းပြီးတော့ ဘားအံမြို့မရဲစခန်း အောက်ထပ်က စစ်ကြောရေးတခုရှိတယ်။ အဲဒီစစ်ကြောရေးကိုဝင်၊ အဲဒီရောက်မှ စရဖက စစ်တာပေါ့။ သူကတော့ အရပ်ဝတ်နဲ့၊ အဲတုန်းက စရဖမှန်းမသိပါဘူး။ အပေါ်ရောက်မှ တခြားလူကိုမေးတော့ အရပ်ဝတ်နဲ့စစ်တဲ့ကောင်က ဘာလဲဆိုတာ မေးလိုက်တော့ အဲဒါက စရဖတဲ့၊ အဲဒါ ၅ နာရီခွဲလောက်ရောက်တယ်။ ပြီးတော့ မနက် ၄ နာရီ ၅ နာရီလောက်ရှိမယ်၊ အဲဒီအချိန်လောက်အထိ သူတို့စစ်တယ်။”

 မေး။ စရဖ တွေ စစ်တဲ့အချိန်မှာရော ထူးထူးခြားခြား ဘာတွေမေးတာရှိလဲ။

ဖြေ။ “သူတို့မေးတာက မွေးတဲ့အချိန်ကနေစပြီး‌တော့ အဖမ်းခံရတဲ့အချိန်အထိပဲမေးတယ်။ တယောက်လာလည်း ဒီမေးခွန်းပဲမေးတယ်။ နောက်တယောက်လာလည်း ဒီမေးခွန်းပဲမေးတယ်။ ကျနော်အထင်ပြောရရင်တော့ နောက်တယောက်လာရင်လည်း ဒီမေးခွန်းပဲ မှန်နေအောင် အဲလိုသဘောမျိုးဖြစ်တယ်။ အတတ်နိုင်ဆုံးက ကိုယ်ဖြေတဲ့မေးခွန်းကတော့ စိတ်ထဲမှာ အမြဲတမ်းမှတ်ထားရမယ်။ မမှတ်ထားရင်အရိုက်ခံရတယ်။ ဒါပေမဲ့ အရိုက်ခံရတာပါပဲ။ လိမ်လိမ်၊ မလိမ်လိမ် သူတို့နှိပ်စက်တာခံရတာပါပဲ။”

မေး။ အဲဒီစစ်ကြောရေးမှာ မေးတဲ့မေးခွန်းမှာ သေနတ်ပစ်ဖူးလား၊ ဘာလားပေါ့။ သင်တန်းတွေဘာတွေ တက်ပြီး သေနတ်တွေဘာတွေ ပစ်တတ်တယ်ဆိုတော့ သူတို့က မေးသေးလား။

ဖြေ။ “အဲဒီသင်တန်းတက်တဲ့ကိစ္စကိုတော့ ကျနော်လည်း လိမ်လို့မရဘူး။ ကျနော်ပြောတယ်။ သင်တန်းတက်ပြီးသွားပြီပေါ့။ သူတို့ကတော့ စဖမ်းခံရကတည်းက သူတို့ကတော့ နင်တို့ကတော့ ငါတို့ကို သတ်ဖို့ ရောက်နေတာလား။ သေချာပြောပြလို့အဆင်မပြေဘူး။ စစ်တာကတော့ အစအဆုံးစစ်ပါတယ်။”

မေး။ စရဖတွေ စစ်တဲ့အချိန်တုန်းက မျက်နှာပိတ်တာတို့၊ အသက်ရှူမဝအောင် ရေတွေနဲ့ လောင်းတာတို့ အဲဒါတွေရှိလား။

ဖြေ။ “ကျနော်ကတော့ အဲဒါတွေမရှိခဲဘူး။ အဓိကကတော့ သူတို့ တယောက်ကချုပ်ပြီး  ဝိုင်းကန်တယ်။ စစ်ဖိနပ်နဲ့ဝိုင်းကန်တယ်။ နောက်တယောက် သေနတ်ဒင်နဲ့ဝိုင်းထုတယ်။ အဲဒါဟိုဘက် ဂိတ်မှာတုန်းက၊ ပါးတွေနားတွေ ရိုက်တယ်၊ ကန်တယ်၊ အဲလောက်ပဲ။ မြို့မစစ်ကြောရေးလည်းရောက်သွားရော အရင်ဆုံး ကန်တယ်၊ ကျောက်တယ် ပြီးသွားတော့ နောက်ပိုင်းကျတော့ ကြိမ်လုံးနဲ့ရိုက်တယ်။ သူတို့ရိုက်တာကတော့ အဖြေပေါ်မူတည်ပြီး ရိုက်တာတော့မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ရိုက်မှာပဲ။ အဲလိုပုံစံမျိုးဖြစ်တယ်။”

မေး။ ဖမ်းဆီးခံရပြီး ထောင်ထဲမရောက်ခင်  ဘာတွေလုပ်ရသေးလဲ။

ဖြေ။ “အဲမှာ မနက်ပိုင်းစစ်ပြီးသွားတော့ မြို့မအချုပ်ထဲကိုပို့တာပေါ့။ အချုပ်ထဲမှာ ၇ ရက်လောက်တော့ နေရတယ်။ အချုပ်ထဲမှာက စရောက်ကတည်းကတော့ အဆင်ပြေသွားတာပေါ့နော်။ ဟိုရောက်သွားတော့ စိတ်ချမ်းသာတာတခုကတော့ လူတွေအများကြီးရှိတယ်။ အကုန်လုံးက ဖေးဖေးမမရှိကြတယ်။ ကူညီကြတယ်။ ဒဏ်ရရတဲ့လူတွေကို သူက ဆေးပေးတော့ တော်တော်အဆင်ပြေသွားတာပေါ့။ ဒါပေမဲ့ အဲအပေါ်ရောက်မှ ကြောက်စိတ်တော့ ရှိမိတယ်။ သူတို့ကို ကျနော်မေးကြည့်တာပေါ့ နောက်တခေါက် ငါ့ကိုလာခေါ်မလားဆိုပြီးတော့ပေါ့နော်။ အဲဒါ သူတို့က သိပ်တော့မသေချာဘူး။ အများအားဖြင့်ကတော့ လာမခေါ်တာများတယ်တဲ့။ အဲတော့ နည်းနည်းလေး စိတ်ချသွားတာပေါ့။”

မေး။ ရဲစခန်း စစ်ကြောရေးမှာ ရိုက်တာနှက်တာတွေရှိတယ်။ အချုပ်ထဲမှာရောက်တဲ့အချိန်မှာ ရိုက်တာနှက်တာတွေ မရှိဘူးပေါ့နော်။ အဲဒီအချုပ်ခန်းထဲမှာ အခုလိုမျိုး လူဘယ်လောက်ထိရှိလဲ။

ဖြေ။ “ကျနော်ရောက်တဲ့အချိန်က အဖမ်းဆီးများလားတော့မသိဘူး။ တော်တော်များတယ်။ ကျနော်တို့ နိုင်ငံရေးအမှုနဲ့ပဲ အဖမ်းခံရတဲ့ ဆယ့်လေးငါးယောက်ရှိတယ်။” “အချင်းချင်းကူညီမှုတော့ရှိတယ်။ ကျနော်စရောက်ခါစကဆိုရင် ဒဏ်ရာကို ဆေးကုပေးတယ်။ အိပ်တာကတော့ မှောက်ခုံပဲအိပ်ရတာပေါ့လေ။ ဆေးဝါးလူးပေးတယ်၊ ဘာညာလုပ်ပေးတယ်၊ စားဖို့အတွက် အဆင်မပြေဘူးဆိုရင်လည်း သူတို့ရှိတဲ့ စားစရာလည်း အကုန်ပေးပါတယ်။”

မေး။ အချုပ်ထဲမှာ ၇ ရက်မပြည့်ခင် ဘာတွေလုပ်လဲ၊ ပြည့်ပြီးတော့ ဘာဆက်ဖြစ်လဲ။

ဖြေ။ “အဲဒီထဲမှာ ၇ ရက်မပြည့်ခင်မှာ ကျနော်ရုံးတခေါက်ထုတ်ရတယ်။ ရုံးထုတ်တခေါက်သွားရတယ်။ ကျန်တဲ့အပိုင်းကတော့ အထဲထဲက လူတွေနဲ့ အဆင်ပြေပါတယ်။ အစစအရာရာတော့ ဝိုင်းကူညီပေးကြတယ်။ ၇ ရက်ပြည့်ပြီးတော့ ဘားအံ တောင်ကလေးထောင်အချုပ်ကို ပို့တာ။ ထောင်ချုပ်ကိုပို့တော့ ထောင်ချုပ်မှာ ကျနော်တို့ စရောက်ခါစက အထဲထဲ စဝင်လာကတည်းက ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေက လာကြိုကြတယ်ပေါ့။ လာကြိုပြီး အခန်းထဲအထိ ပို့ပေးကြတယ်။”

 မေး။ အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ တယောက်နဲ့တယောက် နှိပ်စက်တာမျိုးတွေရှိလား။

ဖြေ။ “အဲလိုမျိုးတော့မရှိဘူး။ အရင်တုန်းကတော့ ရှိတယ်လို့တော့ ပြောတယ်။ ကျနော်တို့ စရောက်တဲ့အချိန်က ကျနော်တို့ နိုင်ငံရေးအကျဉ်းသားချည်းပဲ အယောက် ၅၀၀ ကျော်ရှိတယ်။ အဲတော့ ဟိုတုန်းကလည်း စည်းစည်းလုံး ရှိကြတယ်။ တယောက်နဲ့တယောက် အကုန်လုံးက ချစ်ခင် ကြင်နာတယ်။ အဲတော့ ဘယ်သူမှလည်း နှိပ်စက်လို့မရဘူး။ ဘယ်သူ့မှလည်း ခေါင်းဆောင်ဆိုပြီး လုပ်လို့မရဘူး။ အကုန်လုံးက တန်းတူညီမျှရှိတယ်။ အဲမှာ အတန်းကြီးလို့ ဘာတို့ အဲလိုရှိတာတောင်မှ အဲလိုမျိုးတွေမရှိဘူး။ သူတို့အကုန်လုံးက တန်းတူညီမျှပဲ သွားကြတယ်။”

 မေး။ တချို့လူတွေ ပြောတာရှိတယ်။ အဲဒီအကျဉ်းထောင်ထဲမှာ  ရိုက်ခံရတာ သေသွားတာတွေ ရှိလား။ ကြားရလား။

ဖြေ။ “ရိုက်ခံထိတာတွေရှိတယ်။ သေသွားတဲ့လူတွေကို ပြောမယ်ဆိုလို့ရှိရင်တော့ သူတို့ပြောတာ ကြားတာကတော့ သူတို့အဲက စစ်ကြောရေးကနေ ထောင်ထဲကို ပို့တယ်ပေါ့။ တယောက်ရှိတယ်။ အဲတယောက်က လုံးဝ သေတော့မယ်ဆိုတာ ထောင်ပိုင်ကြီးကသိတယ်။ အဲဒါကြောင့်မို့လို့ ထောင်ပိုင်ကြီက လက်မခံခဲ့ဘူး။ အဲတခုတော့ကြားတယ်။ အဲလူက ဟိုရောက်တော့ သေသွားတယ်လို့တော့ ပြောတယ်။ ထောင်ထဲရောက်မှ သေသွားမယ်ဆိုလို့ရှိရင် သူတို့အမှုပတ်မယ်။ အဲတခုတော့ရှိတယ်။ အပြင်မှာ သေဆုံးခဲ့တယ်ဆိုရင်တော့ သူတို့လည်း သိရမှာမဟုတ်ဘူး။ ဒီစစ်ကြောရေးမှာ သေဆုံးတာတော့ သူတို့သိရမှာမဟုတ်ဘူး။  အဲတခုကတော့ ထောင်ထဲရောက်လာတယ်။ အဲလူက သေခါနီးဆဲဆဲဖြစ်နေပြီ။ အဲလူကို အပြင်ကို ပြန်ခေါ်သွားလို့ သေသွားတယ်ဆိုတာ သိတယ်။”

မေး။ ထောင်ဒဏ်မကျခင်က တရားရုံးတော့တက်ရမှာပေါ့။ တရားရုံးတက်ဖြစ်သေးလား။

ဖြေ။ “တရားရုံးတက်ရပါတယ်။ အားလုံးပေါင်း ၄ ကြိမ်တက်ရပါတယ်။ သူတို့ကသာ အပြစ်ရှိတယ်လို့ ပြောပေမယ့် အထဲထဲကလူက အပြစ်မရှိဘူး။ ကိုယ်တို့က အပြစ်မရှိဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတယ်။ ငါတို့တွေက အပြစ်လုပ်ခဲ့တာမှ မဟုတ်တာ။ အဲတော့ ဘယ်လိုပဲ ပြောပြော ငါတို့ အပြစ်မရှိဘူး။”

 မေး။ အဲဒီအချိန်မှာကော တရားရုံးက ဘယ်လို ဆုံးဖြတ်ခဲ့လဲ။

ဖြေ။ “နောက်ဆုံးပိတ် တရားရုံးက မြို့နယ်တရားရုံးက ၇ နှစ်အမိန့်ချတယ်။ ဒါပေမဲ့ သူက ပြောပါတယ်။ တောင်းပန်တဲ့ပုံစံနဲ့ သူက အမိန့်ချချင်လို့ ချတာမဟုတ်ဘူးပေါ့ဗျာ၊ ပြောချင်တဲ့ပုံစံက အထက်က အမိန့်ကြောင့် အမိန့်ချရတာပါ။ ဒါပေမဲ့ သူက သူ့နောက်မှာ သူရေးထားတာကတော့ ဥပဒေအထက်မှာ ဘယ်သူ့မှ မရှိစေရလို့ပဲ ရေးထားတာပဲ။ ဒါပေမဲ့ သူပြောတာကတော့ အထက်က အမိန့်ကြောင့်ချတာ။”

မေး။ နောက်ပြီး ထောင်ထဲမှာ  နိုင်ငံရေးအကျဉ်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးသမားတွေ ဘယ်သူတွေ တွေ့ခဲ့လဲ။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ပေါ့။

ဖြေ။ “အင်း အမိုးကိုတော့ တွေ့ခဲ့တယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဘာတို့ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ထောင်ချုပ်ကို စပြောင်းတဲ့အချိန်တုန်းက ရုံးချုပ်ရဲ့ ဝင်းတဝင်းထဲမှာ အတူတူပဲပေါ့။ ထားတာကတော့ ဒါပေမဲ့ ဆူးကြိုး နှစ်ထပ်တော့ ခြားတာပေါ့။ အမိုးကိုတော့ သူတို့က သူ့ဘာသူ တိုက်ခန်းနဲ့ သီးသန့်ထားတယ်။ အမိုးကို သီးသန့်ပဲထားတာ။ ပုံမှန်ကတော့ ကျန်းမာရေးကောင်းတွေ့တယ်။ ဒါပေမဲ့ ထောင်ကနေ ဆေးမှူးတို့ဘာတို့ လာစစ်တာတွေ့တာပေါ့။

မေး။ အကျဉ်းထောင်ထဲကနေ ထွက်ပြေးလာပုံလေး ပြောပြပါလား။ ပြောပြလို့ရသလောက်ပေါ့။ 

ဖြေ။ “ အပြင်ရောက်ဖို့အတွက်ကတော့ ကျနော်စအဖမ်းခံရကတည်းက စဉ်းစားတယ်၊ ဒီအထဲမှာ အဖမ်းခံထားရရင် ကျနော်ဘာမှာ ဆက်မလုပ်နိုင်ဘူးပေါ့။ အရင်တုန်းက ကျနော် တောထဲလာဖို့ တော်တော် စဉ်းစားယူရတယ်၊ လာသင့်မလာသင့်ကို၊  ထောင်ထဲကနေ ပြန်ထွက်ဖို့အတွက်ကျတော့ အဲလောက်ကြီး စဉ်းစားယူစရာမလိုဘူး၊ ကျနော်ထောင်ထဲကနေ အတတ်နိုင်ဆုံး မရရအောင်  ပြန်ထွက်မယ် အဲဒီအတွက်ပဲ ကျနော်အချိန်ပေးပြီး အမြဲတမ်းစဉ်းစားတာ။”

“စဉ်းစားထားတာကြာပြီပေါ့ ပစ္စည်းစုတာကလည်း ထွက်မယ့်ရက်နဲ့ဆို တပတ်လောက်တော့ ကြာပြီပေါ့။ ကိုယ့်မှာ ပစ္စည်းအပြည့်အစုံရှိပြီ ထွက်ဖို့အစီအစဉ်လည်းရှိပြီဆိုတော့ အမြဲတမ်း ထွက်ပြေးဖို့ အခြေအနေကိုတော့ စောင့်ကြည့်နေတာပေါ့။ ထောင်ချုပ်ထဲမှာ ကျတော့ အုပ်ရိုး တထပ်ပဲရှိတယ်။ သွပ်ဆူးကြိုး နှစ်ထပ်ပေါ့ အတွင်းမှာ သွပ်ဆူးကြိုးနှစ်ထပ်၊ အပြင်မှာ အုပ်ရိုးတထပ်ရှိတယ်ဆိုတော့ သွပ်ဆူးကြိုး နှစ်ထပ်ကို အရင်ဖြတ်ရတာပေါ့။ အရင်ဖြတ်ပြီးတော့မှ အုပ်ရိုးကို သံချိတ်နဲ့ကြိုးနဲ့ ပိုက်နဲ့လှမ်းချိတ်ပြီးတော့မှ ထွက်လာခဲ့တာ။”

မေး- ထောင်ကထွက်ပြေးတဲ့အချိန်မှာ ထောင်အာဏာပိုင်တွေ ၊ အစောင့်တွေမရှိဘူးလား။ 

ဖြေ- “ကျနော်တို့ ထွက်တဲ့အချိန်က မိုးနည်းနည်းလေးတော့ရွာတယ်။ အထဲမှာ မျှော်စင်မှာ ထောင်ဝန်ထမ်းတွေရှင်းနေတယ်။ ထွက်တဲ့အချိန်မှာတော့ စိုးရိမ်တာကတော့ တော်တော်စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူးပေါ့။ အဲမှာ သံချိတ်မှာကြိုးချည်တယ် ပုဆိုးကွင်းရယ်ကြိုးရယ် ချည်တယ်။ ချည်ပြီးတော့ ပိုက်လုံးနဲ့ ချိတ်လိုက်တယ်ပေါ့။ ချည်ပြီးတော့  ပြီးတော့ လူနှစ်ယောက် ဆင့်လိုက်တယ် ဆင့်ပြီးသွားတော့ အရင်ကျနော် ထွက်မယ်လို့ ကြည့်ထားခဲ့တဲ့နေရာပဲလို့ထင်တာဗျ။ ဒါပေမဲ့ အဲနေရာက ကျနော်အရင် ကြည့်ထားတဲ့နေရာ မဟုတ်တော့တာသိရတော့ စိတ်ကပူထူသွားတာကြောင့်လားမသိဘူး။ အဲမှာ သံချိတ်သွားချိတ်တဲ့အချိန်မှာ သံချိတ်က သံဆူးကြိုးကို မဝင်ဘူးဖြစ်နေတယ်။ မဝင်ဘူးဖြစ်နေတော့ လူက လုံးဝပူထူသွားတယ်။ တော်တော်ပူထူသွားတယ်။ ကျနော်အရင်က  စဉ်းစားထားတာ သေချာတယ်၊ ငါက အုတ်နံရံအပြင်ကိုရောက်မှာပဲ၊ အုပ်နံရံအပြင်ရောက်မှ သေချင်လည်းသေ၊ ရှင်ချင်လည်းရှင်ပေါ့၊ အပြင်ရောက်ဖို့လုံးဝယုံကြည်ချက်ရှိတယ်။ အဲအချိန်မှာ သံချိတ်က မဝင်တော့ အောက်ကလူကမေးတယ် ဘယ်လိုလဲ ပြန်ဆုတ်မလားလို့မေးတယ်။ ကျနော်အစကတည်းက ဆုံးဖြတ်ထားပြီးပြီး ပြန်ဆုတ်လို့မဖြစ်နိုင်ဘူး။ တစ်ယောက်မဟုတ်တစ်ယောက်တော့ မြင်ရင်လည်း မြင်သွားနိုင်တယ်၊ မြင်ရင်တော့သွားပြီ။”

“အဲဒါကြောင့် နေရာထပ်ပြောင်းတယ်၊ နောက်တနေရာထပ်ပြောင်းတာနဲ့ အောက်ကတစ်ယောက်ကလည်းသူကလည်း ကျနော့်နောက်ကို ပြေးလိုက်ပြီးတော့ ပခုံးခံပေးတယ်။ ပြီးတော့ လှမ်းချိတ်တဲ့အခါကျတော့လည်း သိပ်ပြီးတော့ မဝင်ဘူးဗျာ၊ မဝင်ဘဲနဲ့ အဲဒီအုတ်နံရံပေါ်က သွပ်ဆူးကြိုးမှာ တည်းတည်းလေး သွားချိတ်နေတယ်၊ ချိတ်နေတဲ့ဟာက ဆွဲဖြုတ်လိုက်တဲ့အခါကျတော့ သွပ်ဆူးကြိုးကသွားခါတယ်။ ခါပြီးတော့ ဘေးပတ်ပတ်လည်မှာက မျှော်စင်ရှိတာကိုး ဒါပေမဲ့ ကျနော်တို့ ပြေးတဲ့အချိန်က အကုန်လုံးလစ်တဲ့အချိန်ပြေးတာဆိုတော့ မျှော်စင်ကလူက အပေါ်ထိပ်မှာမရှိဘူး။ ဒါပေမဲ့ အောက်မှာတော့ရှိတာပေါ့။  သွပ်ဆူးကြိုးက မျှော်စင်ဘက်ကို သွားရိုက်တယ် အဲဒီအချိန်ကျတော့ ကျနော်က ဖြုတ်ချလို့လည်းမရတော့ဘူး ကျနော့်လူတကိုယ် ခိုကြည့်လိုက်တဲ့အခါကျတော့ ခိုလို့ရတယ်။ ခိုပြီးတော့ အပေါ်ကျနော်ဆက်တက်သွားတယ်၊ အပေါ်ရောက်တော့ အဲချိတ်က ပြေသွားတယ်။ ချိတ်အဖြားနဲ့သွားထောက်နေတာဖြစ်တော့ ပြေသွားတယ်။ အဲအချိန်မှာ ကျနော်သံတိုင်ကို ဖမ်းကိုင်လိုက်တယ်။  နောက်တော့ ချိတ်ကိုဖြုတ်ပြီး သံတိုင်မှာ သံချောင်းအမာတချောင်းရှိတာကို အဲဒီမှာချိတ်ကို ပြန်ကွေးလိုက်တယ်။ ကျနော် ပလာယာ တချောင်းပါလာသေးတယ်၊ အဲဒါနဲ့ သွပ်ဆူးကြိုးကိုဖြတ်တယ်၊ ကြိုးကမာတော့ ကျနော်ထင်ထားသလို မပြတ်ဘူး။ ကျနော်ဖြတ်တဲ့ သံဆူးကြိုးကလည်း သိပ်မပြတ်ဘူး။ ဒါပေမဲ့ ဟိုဘက်ကို ကျနော်ဆင်းဖို့အတွက် ကြိုးတချောင်းပါလာတယ်။ ကျနော်တို့ ကြိုးတုပ်ပြီး ဟိုဘက်ခြမ်းမှာချိတ်ပြီး ကြိုးတချောင်းချထားပြီးသွားပြီ။ အဲအချိန်မှာ ကျနော်က အဲဒီတိုင်းကုန်းထွက်လိုက်တာပေါ့။ ကုန်းထွက်တော့ အပေါက်မှာ အဲချိတ်နဲ့ဆိုတော့ ဒဏ်ရာတော့ ရသွားတယ်။”

“အဲဒါ ကျနော် အောက်ရောက်တော့ ဒီထောင်ရဲ့ အပြင်ဘက်မှာက ဝန်ထမ်းအိမ်ရာရှိတယ်။ အဲဒီကြားထဲမှာ ကွင်းပြင်ကြီးဖြစ်တယ်။ အဲဒီသေနတ်ပစ်ကွင်း  မျှော်စင်ကနေ ကြည့်ရင် ပစ်လို့ရတဲ့ ပစ်ကွင်းပေါ့။ အဲဒီ ပစ်ကွင်းကို ဖြတ်ပြေးတယ်။ ပြေးပြီးတော့ ထွက်စောင့်တယ်။ ကျနော့်လူက နောက်ကနေ လိုက်လာတယ်။ နောက်က လိုက်လာတဲ့အချိန်မျာ သူတို့တွေမြင်သွားပြီး လိုက်လိုက်လိုက်အော်သံကြားတော့ ကျနော် တောစပ်နားလေး ရောက်လာတော့ သူ့ကို အုတ်ခဲနဲ့လိုက်ပစ်တာတွေ့လိုက်တယ်။ သေနတ်တော့မပစ်ဘူး။ မပစ်ဘူးဆိုတာက အထဲကလူနဲ့ အပြင်ကလူ မချိတ်မိတာလည်းဖြစ်နိုင်တယ်။ ပြောရမယ်ဆိုရင် ကျနော်ပြေးတဲ့အချိန်မှာ. လူ နှစ်ယောက်နဲ့ တွေ့တယ်ဗျာ။ အဲလူကို မှန်မှာစိုးလို့ မပစ်တာလည်း ဖြစ်နိုင်တယ်။ အုတ်ခဲနဲ့လိုက်ပစ်တယ်။ ဟိုထဲကနေ ထွက်လာတဲ့အချိန်မှာ အဲဒီကနေ ဓားတချောင်းပါလာတယ်။ အဲဒါ ကျနော်ဖြဲခြောက်လိုက်တာပေါ့။ အစ်ကိုအစ်ကို ကျနော့်ကို ဓားပေး၊ ကျနော်သူ့ကိုရှင်းမယ်လို့ အော်ပြောလိုက်တယ်။ ရှေ့မှာ ကျနော်တို့အဖွဲ့က လူတွေ စောင့်နေတယ်။ ကျနော်တို့ ညီအစ်ကိုတွေ စောင့်နေတယ်။ အဲလိုပြောလိုက်ရော အုတ်ခဲနဲ့လိုက်တဲ့ကောင်တွေက မလိုက်လာဘဲ ပြန်လှည့်သွားတယ်။ မလိုက်လာတော့ဘူး။ အဲဒီအချိန်မှာ  ကျနော်နဲ့ပါတဲ့ တယောက်ကလည်း ကျနော်ထက်လည်း ဒဏ်ရာနည်းနည်းများတယ်။ အဲအချိန်သူမသိသေးဘူး။ သူလည်းမောနေတယ်။ သူ့ရှေ့က အိတ်တလုံးပါ။ ထောင်ထဲက ကွေကာအုပ်နဲ့လုပ်ထားတဲ့ အိတ်တလုံးပါတယ်။ အဲကနေပြီးမှ ကျနော်တို့ တောထဲကို ထပ်ပြေးတယ်။”

 မေး။ ဒါဆိုရင်ထွက်ပြေးလာတာ တယောက်မကဘူးပေါ့၊  ဘယ်နှယောက်လဲ။

ဖြေ။ နှစ်ယောက်၊

မေး။ ထောင်ကထွက်လာပြီး ဒီတောထဲမှာရောက်တော့ ဘာအခက်အခဲနဲ့ကြုံရလဲ။ လမ်းခရီးမကျွမ်းတော့ ဘာအခက်အခဲကြုံရလဲ။

ဖြေ။ “အဲဒီစပြေးဖို့ကျတော့ ကျနော်တို့က အပိုင်းနှစ်ပိုင်းတာဝန်ယူထားတာပေါ့။ ကျနော်က နှစ်ရက် အပြင်ကို ကျော်ဖို့အတွက် ကျနော်အစီစဉ်နဲ့တာဝန်ယူတယ်။ သူကလည်း အဲအစီစဉ်နဲ့လိုက်တယ်။ အပြင်ကျတော့ သူတာဝန်ယူတယ်။ ခိုလှုံမယ့်နေရာက အစပေါ့။”

“လမ်းခရီးမကျွမ်းတော့ ကျနော်တို့ပြေးတဲ့အချိန်က နေ့ခင်းတန်းဖွင့်ချိန် ၂ နာရီပေါ့။ ၂ နာရီတန်းဖွင့်တယ်။ ကျနော်တို့ ပြေးတဲ့အချိန်က ၂ နာရီခွဲလောက်ရှိမယ်။ ပြေးတော့ပြေးတယ်။ တွေးပူပြီးတော့ ပြေးကြတယ်။ ပြေးတဲ့အချိန်မှာ သူတို့လူတွေတွေ့တယ်။ တွေ့တဲ့အချိန် ကျနော်တို့ ပုန်းတယ်။ နောက်တနေရာထပ်ပြေးတယ်။ နောက်နေရာက ထပ်တွေ့တယ်။ သူတို့လူ ဟုတ်ချင်လည်းဟုတ်မယ်။ မဟုတ်ချင်လည်းမဟုတ်ဘူး။ အဲလိုလူတွေ့တာနဲ့ ကျနော်တို့က လိုက်လျှောက်ပြေးတာ။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်ပဲ။ သူကလည်း နယ်ခံမဟုတ်ဘူး။ ကျနော်လည်း ဘာမှကိုမသိတာ၊ အဲဒါ ဘယ်နေရာ ရောက်လို့ ရောက်နေတယ်ဆိုတာ မသိဘူး။ အဲအချိန် လမ်းစုံတခုရောက်တော့ အဲနားမှာ ဘိုးဘွားရိပ်သာလား ဘာလားမသိဘူး။ အဲဒီနားရောက်တော့ ကျနော်တို့က ဖြတ်မယ်လို့လုပ်တော့ အချိန်က ၄ နာရီခွဲ ၅ နာရီလောက်ပဲ ရှိဦးမယ်။ ဖြတ်မယ်ဆိုတော့ ကျနော်တို့က ခတ်တည်တည်ပဲ ပုံမှန်ပုံစံမျိုးပဲ၊ ကျနော်တို့ဆံပင်ကလည်း ပုံစံတူမညှပ်ဘူး။ အဝတ်အစားကလည်း ပုံမှန်အဝတ်အစားပဲ ကျနော်တို့က ကရင်ပုဆိုးနဲ့ဆိုတော့ ပုံမှန်လိုပဲ အေးဆေးလျှောက်တယ်။ လျှောက်သွားတော့ အနောက်ကနေ ဆိုင်ကယ်တစီး လိုက်လာတာတွေ့တယ်။ ကျနော့်စိတ်ထင် သူ့ကို ငှားပြီးတော့ သွားရင်ကောင်းမလား စဉ်းတော့စဉ်းစားတယ်။ ဒါပေမဲ့ ကျနော့်တို့ ရှေ့နားလည်းရောက်ရော သူဓားပြုတ်ကျတယ်၊ ကလော့ကလော့နဲ့ ကျသွားတယ်။ ပြီးလည်းပြီးရော သူမေးတယ်။ အစ်ကို အစ်ကိုတဲ့ ဒီနေရာ လူနှစ်ယောက်ဖြတ်သွားတာတွေ့လားတဲ့။ ကျနော်တော့ မတွေ့ဘူးလို့။ မဟုတ်ဘူး အစ်ကိုတဲ့ ရဲဘက်က‌နေ လူနှစ်ယောက်ထွက်ပြေးသွားလို့တဲ့။ သူကတော့ ရွာသားလားမသိဘူး။ ရွာသားဖြစ်ဖို့များတယ်။ ရဲဘက်ကနေ လူနှစ်ယောက် ထွက်ပြေးသွားတာလို့တဲ့၊ သူ့အထင်တော့ ရဲဘက်ကလူ ထွက်ပြေးသွားတယ်ဆိုတော့ ပုံစံတူဖြစ်မယ်၊ ထောင်ထဲဝတ်စုံဝတ်ထားမယ် အဲလိုထင်မှာပေါ့။”

 မေး။ ဆိုတော့ ကူညီတဲ့လူမတွေ့ဘူးလား။

ဖြေ။ “ဟုတ်မတွေ့ဘူး။ နောက်ပိုင်းကျမှတွေ့တာပေါ့။ အဲဒီနေရာကနေ အဝေးကြီး နောက်ထပ်တနေရာကျမှ တွေ့တယ်။ ဘယ်လိုအဆင်ပြေသွားလဲဆိုတော့ အဲမှာ ကျနော်တို့ အကူအညီ တောင်းသင့်မတောင်းသင့် နှစ်ယောက် စဉ်းစားကြတယ်။ ဟိုတယောက်ကကျတော့ သူက သိပ်ပြီးတော့ အကူအညီမတောင်းချင်ဘူး။ သူက ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီလောက်ထိ ကြိုးစားခဲ့တာဆိုတော့။ တကယ့်တကယ် တခြားလူတွေဆိုလို့ရှိရင် ပြန်အဖမ်းခံရမှာမျိုးပေါ့။ ဒါပေမဲ့ ကျနော်တော့ အကူအညီသွားတောင်းခဲ့တယ်။ တခြားအရာတွေကို သူတို့မကူညီပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကလည်း အမှန်အတိုင်း ပြောလိုက်တာပေါ့။ ဖြစ်စဉ်အကုန်လုံးကို အမှန်အတိုင်းပြောလိုက်တယ်။ ပြောပြီးတော့ သူတို့ဆီက တချို့အပိုင်းတွေကို မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ လမ်းတွေ သူတို့ပြပေးနိုင်တယ်ပေါ့။”

 မေး။ ထမင်းထုပ်တွေ၊ မုန့်တွေဘာတွေကော ပေးတာတွေရှိလား။

ဖြေ။ “အဲဒါကတော့ မရှိဘူး။ သူတို့အနေအထားနဲ့လည်း တကယ်မရှိတာလည်းဖြစ်နိုင်တယ်။ ဖုန်းဆက်ဖို့ ဘာဖို့ အင်တာနက်သုံးဖို့ သူတို့ မကူညီရဲတာလည်းဖြစ်နိုင်တယ်။ သူတို့နေတဲ့နေရာနဲ့ လမ်းနဲ့က သိပ်မဝေးတော့ဘူး။ ကျနော်တို့က အဲဒီလမ်းရဲ့ တနေရာမှာရှိနေတယ်။ သူတို့ လမ်းညွှန်ပေးလိုက်တာပေါ့။ အဲတခုတော့ သူတို့ကူညီပေးလိုက်တယ်။ ကျန်တဲ့အပိုင်းတော့ မကူညီပေးနိုင်ဘူး။

 မေး။ အဲလိုမျိုးလမ်းညွှန်တော့ ကိုယ်ဘာတွေဆက်လုပ်လဲ။

ဖြေ။ “အဲဒီလမ်းရောက်ပြီဆိုတော့ ကျနော်တို့ ကိုယ်သွားမယ့်နေရာကို သိသွားပြီပေါ့။ ဒီကနေ ဘယ်ကိုသွားရမယ်ဆိုတာ။”

မေး။ ဒီအခက်အခဲကြားက ထောင်ထဲကနေ ပြီးတော့ ဒီနေရာကိုရောက်လာတာ ဘယ်နှရက်လောက်အချိန်ယူရလဲ။

ဖြေ။ “ကျနော်တို့ အဲဒီနေ့က ထွက်လာတယ်။ ထွက်လာပြီးတော့ ကျနော်တို့ လိုချင်တဲ့နေရာကိုရောက်တာက နောက်နေ့ ညနေပိုင်းလောက်ဖြစ်မယ်။”

 မေး။ ထောင်ထဲကနေ ခြံစည်းရိုးကြီးနားကပ်တဲ့အချိန် စိတ်ထဲ ဘယ်လိုခံစားရလဲ။

ဖြေ။ “ကျနော် အဲဒီ ခြံစည်းရိုးကပ်တဲ့အချိန် ကျနော် ကြောက်တယ်။ ဟိုဘက်တခြား သံဆူးကြိုး နှစ်ထပ် နံရံနားကပ်တဲ့အချိန် မကြောက်သေးဘူး။ အချိန်တုန်းက ကျနော်က ကိုယ့်အစီအစဉ်ကို အရမ်းယုံကြည်ခဲ့တယ်ပေါ့။ ဒါပေမဲ့ မထင်မှတ်ထားဘဲ ကျနော်အခုန ပြောသလိုမျိုး သံချိတ်က အထဲသွားဝင်တဲ့အချိန်မှာတော့ လုံးဝကို ပူထူသွားတာပေါ့။ သံချိတ်မရှိရင် ကျနော်တို့ အပြင်ကို လုံးဝ ဘယ်လိုမှ ထွက်နိုင်တော့မှာမဟုတ်ဘူး။

 မေး။ တကယ်လို့ စိတ်လျှော့ပြီးတော့ အဖမ်းခံထိမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာ တွေးမိလား။

ဖြေ‌။ “အဲဒါကတော့ တွေးမိတယ်။  အနည်းဆုံးကတော့ တိုက်ပိတ်မယ်၊ နှစ်ပြန်တိုးမှာပေါ့။ အဲဒါရယ်၊ ထောင်သားတွေရှေ့မှာ တခြားလူတွေတွေကို ထောင်ထဲက ထွက်ပြေးတဲ့လူတွေကို ပုံစံနမူနာအနေနဲ့ ရိုက်ပြတာပေါ့။ သေခါနီးဖြစ်အောင်ရိုက်ပြမယ်၊ အဲဒါဖြစ်မယ်ဆိုတာ ကျနော်ထင်တယ်။”

 မေး။ ကိုယ့်လိုထွက်ပြေးဖို့ လုပ်ရင်း ပြန်ပြီး အဖမ်းခံရတာ ဘယ်လောက်ရှိလဲ။

ဖြေ။ “အဲဒါ မရှိဖူးဘူး။ ကျနော်က အရင်က စုံစမ်းကြည့်တာပေါ့။ စုံစမ်းခဲ့တာက ကျနော်တို့ နိုင်ကျဉ်းတွေမှာ အဲလိုမျိုး ကျခဲ့တဲ့လူမရှိပါဘူး။ အကုန်လုံး ရိုးသားဖြူစင်တဲ့လူတွေချည်းပဲ။ အခုမှပဲ အဖမ်းခံရတာပေါ့။ ကျနော် စုံစမ်းကြည့်တာ တခြားအမှုနဲ့ကျတဲ့လူတွေ တချို့လူတွေ အကြိမ်ကြိမ်ကျဖူးတဲ့ လူတွေရှိတယ်။ အဲအချိန်မှာ သူတို့ဆီက အတွေ့အကြုံတွေကို ကျနော်မေးကြည့်တယ်ပေါ့။ ဘယ်လိုတွေဖြစ်နိုင်လဲ၊ ဘယ်လိုမဖြစ်နိုင်ဘူး။ ထွက်ပြေးတဲ့ လူတွေရှိလား၊ အဓိကကတော့ သူတို့ဆီက တချို့အပိုင်းတွေက စကားနိုက်ကြည့်တာပေါ့။ ဒါကြီးက ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ ဘာလိုထွက်ပြေးတာလဲ၊ ဘာလို့မထွက်ပြေးတာလဲ၊ ကျနော်အဲလို စကားနိုက်ကြည့်တာရှိတယ်။ သူတို့တွေက တချို့အကျဉ်းသားတွေ မပြေးကြဘူးဆိုတာက သူတို့တွေက အပြင်ပြန်ထွက်သွားလို့ရှိရင်တောင်မှ သူတို့ကို ဘယ်သူမှ ကြိုဆိုတဲ့လူရှိမှာဟုတ်ဘူး။ သူတို့က အပြစ်လုပ်ထားတဲ့လူတွေ၊ သူတို့ဆီက အကြံဉာဏ်ကောင်းတွေ ရခဲ့တာလည်းရှိပါတယ်။ ဒါပေမဲ့ သူတို့က အပြစ်လုပ်ထားတဲ့ လူတွေဖြစ်တဲ့အတွက် သူတို့အပြင်ထွက်သွားရင် သူတို့ကို ကြိုဆိုမယ့်လူမရှိဘူး။ သူတို့နေတာထိုင်တာ အဲလောက်ထိ အဆင်ပြေမှာမဟုတ်ဘူး။ ကျနော်တို့က အပြစ်လုပ်ထားတဲ့ လူတွေမဟုတ်ဘူး။ ကျနော်တို့ အပြင်ပြန်ထွက်ခဲ့မယ်ဆိုရင် ကျနော်တို့ကို ကြိုဆိုမယ့်လူတွေရှိတယ်လို့ ယုံကြည်တယ်။ အဲဒါကြောင့် ထွက်လာတယ်။”

 မေး ။ အခု လွတ်မြောက်နယ်မြေတခုရောက်လာပြီပေါ့လေ။ အခုနောက်ပိုင်း ဘာတွေ လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ။ “တော်လှန်ရေးနဲ့ပတ်သက်တာကတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကပဲ လုပ်ရမှာပေါ့။ ကိုယ်က ဘယ်အပိုင်းက တတ်နိုင်မလဲ၊ ကိုယ်တတ်နိုင်တဲ့အပိုင်းကပဲ ပြန်ပြီးတော့ ပါဝင်ရမယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024