ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်-ကျောက်ပန္ဒူတောင်ကျော်လမ်း သင်္ကန်းတောင်နားမှာ စစ်တပ် ရိက္ခာသယ်လာတဲ့ အရပ်ဘက်ကား ၂ စီးကို စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)က တိုက်ခိုက်ပြီး သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“စေတီပြင်ကျေးရွာက နယ်ခြားစောင့်စခန်းအတွက် ရိက္ခာလာယူတဲ့ အရပ်ဘက်ကား ၂ စီးလို့ သိရပါတယ်။ ရိက္ခာတွေကို သိမ်းလိုက်တယ်။ တိုက်ပွဲက နာရီဝက်လောက် ဖြစ်ခဲ့တယ်။ ထိခိုက်ကျဆုံးမှု အတိအကျ မသိရဘူး။ ကျောက်ပန္ဒူတောင်ကျော်လမ်းကို လက်ရှိ အေအေဘက်က ပိတ်ထားတယ်။”
အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်အတွက် ရိက္ခာပို့လာတဲ့ အရပ်ဘက် ကား ၂ စီးကိုလည်း မောင်နှမကျေးရွာကြားမှာ အေအေက သိမ်းဆည်းလိုက်တယ်လို့ သိရပါတယ်။
မောင်တောဒေသခံတဦးက “တေဘာလီဖန်းကား ၂ စီး နဲ့ စစ်ကောင်စီတပ်အတွက် ရိက္ခာအပြည့် တင်လာတဲ့ ကား ၂ စီးကို မောင်နှမကျေးရွာကြားမှာ အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်တာ။ စစ်သားတွေတော့ မပါဘူး။ ကညင်တန်းကျေးရွာက ဒရိုင်ဘာ ၂ ဦး နဲ့ တာဝန်ခံ ၂ ဦး အားလုံး ၄ ဦး ကို ရိက္ခာတွေ နဲ့ပါ ဖမ်းထားလိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မောင်တောမြောက်ပိုင်းက တပ်တွေအတွက် ရိက္ခာဖြည့်တင်းတာတွေကို ကိုယ်တိုင် မပို့ဆောင်ဘဲ ဒေသခံတွေကို အသုံးချလာတာဖြစ်ပြီး ကျောက်ပန်းန္ဒူ တောင်ကျော်လမ်းကနေလည်း ရသေ့တောင်ဖက်ကို အရပ်ကားတွေနဲ့ ရိက္ခာသယ်နေကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်း အေအေတပ်ဖွဲဝင်တွေ ရှိနိုင်တဲ့ ကျေးရွာဒေသတွေကို စစ်ကောင်စီက ရိက္ခာသယ်ယူခွင့် ပိတ်ထားသလို အေအေဘက်ကလည်း စစ်ကောင်စီတပ်တွေအတွက် ရိက္ခာ၊ လက်နက်တွေ သယ်ဆောင်လာတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကို တားဆီးတိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်အမျိုးသားပါတီရဲ့ စက်တင်ဘာ ၂၉ ရက် အသိပေး ကြေညာချက်မှာတော့ ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်တပ်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့နဲ့ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေအပါဝင် ကုန်းလမ်း၊ ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာဟာ ဒေသခံလူမျိုးပေါင်းစုံရဲ့ အသက်ရှင် နေထိုင်ဖို့ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။