မြန်မာနိုင်ငံ အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ် အမြန်ဆုံးပြန်လွတ်မြောက်ရေးနဲ့ အိမ်ပြန်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီးက တုံ့ပြန်လိုက်ပါတယ်။
စစ်ကောင်စီက ပါမောက္ခ ရှောင်တာနယ်အပေါ် စွပ်စွဲတဲ့အမှုတွေကို သြစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ ၁၉ လကျော် အတွင်းအမြဲ ငြင်းဆိုသလို မြန်မာစစ်တပ်ရဲ့ တရားမဲ့ ဖမ်းဆီးခံထားရတဲ့ ရှောင်တာနယ် ပြန်လွတ်မြောက်ပြီး နေရပ်ပြန်နိုင်ဖို့ ဆက်လုပ်သွားမယ်လို့ သြစတြေးလျနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရှောင်တာနယ်ဟာ အခုချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ၃ ပုံ၂ ပုံကို အချုပ်ထောင်ထဲမှာ မတရားဖမ်းဆီးခံခဲ့ရပြီးဖြစ်တဲ့အတွက် သူ့အမျိုးသားရဲ့ မြန်မာပြည်အတွက် ကြိုးပမ်းချက်တွေကို ငဲ့ညာပြီး ပြည်နှင်ဒဏ်ပေးဖို့ ရှောင်တာနယ်ရဲ့ ဇနီးဖြစ်သူကလည်း တောင်းဆိုထားပါတယ်။
စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်လ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမှုတွဲအဖြစ်တရားစွဲဆိုခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဦးကျော်ဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့အားလုံးကို နေပြည်တော်အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးက စက်တင်ဘာ ၂၉ ရက်နေ့ရုံးချိန်းမှာ ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တာပါ။
မစ္စတာ ရှောင်တာနယ်လ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ စစ်ကောင်စီက ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နဲ့ စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
မစ္စတာရှောင်တာနယ်လ်ကို ရန်ကုန် အင်းစိန်ထောင်ကနေ နေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေပြည်တော်အကျဉ်းထောင်အရောက်မှာ ထောင်ဒဏ် ၅ နှစ်အထိချမှတ်နိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ စစ်ကောင်စီက ထပ်မံတရားစွဲဆိုခဲ့ပါတယ်။
ရှောင်တာနယ် တရားစွဲခံခဲ့ရတဲ့အမှုဟာ သက်သေခိုင်လုံနေပြီး သြစတြေးလျနိုင်ငံဘက်က ဆက်ဆံရေးပြေပြစ်ရင် သြစတြေးလျနိုင်ငံသား ရှောင်တာနယ်အတွက် သက်ညှာစဉ်းစားသွားမယ့်သဘောမျိုးကို မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ဖူးပါတယ်။