Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ဘုရားကျောင်းပျက်စီးပြီး ကျောင်းသား ၁ ဦး ဒဏ်ရာရ
DVB
·
September 30, 2022
KyarInn
307865853_644359560632138_5701435043277349985_n
demaww soe

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆိုကလောကျေးရွာမှာ  စက်တင်ဘာ ၂၈ ရက်ညက စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ခရစ်ယာန်ဘုရားကျောင်းထိမှန် ပျက်စီးသွားခဲ့သလို ၉ တန်း ကျောင်းသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ည ၉ နာရီကျော်မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ ၁၂၀ မမ လက်နက်ကြီးကြောင့် ဒေါဆိုကလောကျေးရွာ နှစ်ချင်း ခရစ်ယာန်ဘုရားကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးစ ထိမှန်မှုကြောင့် အဲဒီဘုရားကျောင်းအတွင်းမှာ စာဖတ်နေတဲ့ ၉ တန်း ကျောင်းသားတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၇ ရက် ညနေ ၃ နာရီခွဲကလည်း လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ်အတွင်းမှာရှိနေတဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးတယောက် ထိခိုက်သေဆုံးပြီး ၂ ယောက် စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံနဲ့ ဘုရားသုံးဆူအကြားရှိ ယော့်ကခေါရွာကိုလည်း စက်တင်ဘာ ၂၈ ရက် ည ၁၁ နာရီလောက်မှာ  စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားပါတယ်။

ညဘက် ရွာသားတွေ အိပ်ပျော်နေချိန်မှာ ရွာထဲကို ဗုံးသီးတွေရောက်ပေါက်ကွဲတာကြောင့် ထွက်ပြေးခဲ့ကြရပြီး  ဗုံးသီး ၆ လုံးလောက် ပေါက်ကွဲကာ ရွာသား နေအိမ်တချို့နဲ့   အိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန်တွေပျက်စီးသွားပေမဲ့ လူတွေထိခိုက်တာ မရှိဘူးလို့ ဒေသခံရွာသား တယောက်က ပြောပါတယ်။

ဘုရားသုံးဆူမြို့အနီးမှာ ဘုရားတောင်တပ်စခန်းကုန်းကို    KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အနီးနားကကျေးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024