ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆိတ်ရိုးကျ ကယ်ဆယ်ရေးလမ်းမှာ စက်တင်ဘာလ ၂၆ ရက် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပိတ်ဆို့စစ်ပြီး သုံးဘီးသမားတဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
“သူတို့က တွေ့သမျှလူတွေကို စစ်တယ်။ ဖုန်းတွေကို စစ်တယ်။ သုံးဘီးမောင်းသမားတဦးကို ကြယ်နီ စက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ဖမ်းဆီးသွားတာ။ လူတွေလည်း ကိုယ့်အိမ်ကိုယ် ဝင်ပြေးကြတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီမှာ ဖမ်းဆီးခံရတဲ့ သုံးဘီးသမားဟာ အသက် ၅၂ နှစ်အရွယ် ဦးအောင်သိန်း ဖြစ်တယ်လို့ ဆိုပါတယ်။
“သူက ရိုးရိုးသားသား သုံးဘီးမောင်းနေတာလေ။ ဘာအပြစ်မှမရှိဘူး။ အဲဒီလို ဖမ်းပြနေတာက သူတို့မှာ ရည်ရွယ်ချက်ရှိနေတယ်။ ပြည်သူကို အကြောက်တရားသွင်းနေတာ။ ပစ်မှတ်က အေအေကို မုန်းတီးလာအောင်ပေါ့”လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်နေပြီး ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှု အပြည့်အဝရရှိထားတဲ့ ရက္ခိုင်တပ်တော်အေအေအပေါ် အမုန်းတရားတွေ ဖြစ်ပေါ်လာအောင် ဖန်းတီးနေပါတယ်။
စစ်တွေမြို့နယ်မှာတော့ လုံခြုံရေးအကြောင်းပြပြီး ည ၁၀ နာရီမတိုင်မီ ဈေးဆိုင်တွေအားလုံး ပိတ်သိမ်းဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၄ ရက်မှာ အမိန့်ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက စစ်တွေမြို့ပေါ်မှာ အခုလို စစ်ဆေးဖမ်းဆီးတွေ ဆက်တိုက် ပြုလုပ်လာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။