မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စက်တင်ဘာ ၂၃ ရက်က ပခုက္ကူခရိုင် တပ်ရင်း-၆ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF) တည်ထောင်ခြင်း တနှစ်ပြည့်အထိမ်းမှတ်အဖြစ် ကျွန်းပင် ၃,၅၀၀ စိုက်ပျိုးခဲ့ကြတယ်လို့ MVRF တပ်ဖွဲ့ခေါင်းဆောင် ဦးအောင်ဇေယျက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မြိုင်မြို့နယ်ဟာ အပူပိုင်းဒေသဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ကာကွယ်နိုင်ဖို့ တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကျွန်းပင် ၃,၅၀၀ စိုက်ပျိုးပေးခဲ့တာ။ MVRF တနှစ်ပြည့်အခမ်းအနားကိုတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျွန်းပင်တွေကိုကတော့ ဒီနေ့မှ စိုက်ပျိုးဖြစ်တာပါ။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ တောတောင်တွေ၊ တဲတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေလို့ သဘာဝပတ်ဝန်းကျင်တွေများစွာ ထိခိုက်ပျက်စီးနေတာကြောင့် ရဲဘော်တွေ အားလပ်တဲ့အချိန်မှာ တဖက်တလမ်းကနေ အကျိုးဖြစ်အောင်လို့ စိုက်ပျိုးကြတာ။”
ကျွန်းပင်တွေကတော့ အဖိုးတန်သစ်ဖြစ်သလို ပြည်တွင်းပြည်ပ ဝင်ငွေရရှိနိုင်ကာ ဒေသနဲ့လည်း ကိုက်ညီမှုရှိတာကြောင့် စိုက်ပျိုးခဲ့တာဖြစ်ပြီး တပ်တွင်း စားနပ်ရိက္ခာ ဖူလုံနိုင်အောင်လည်း ခရမ်းချဉ်ပင်တွေကို စိုက်ပျိုးခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စိုးမိုးထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီက အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်ကာ ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။