မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ စည်ကားကျေးရွာ (၃) လမ်းနတ်စင်အနီးရှိ ကြက်ခြံတခုမှာ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းက အမျိုးသား၊ အမျိုးသမီး ၅ ဦး လည်ပင်းပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးမှုဖြစ်ခဲ့ပါတယ်။
သေဆုံးသူတွေဟာ ကြက်ခြံပိုင်ရှင် ဦးမောင်ကြီး၊ ဇနီး နဲ့ သမီး၊ ဦးဖိုးလုံး နဲ့ သမီးတို့ဖြစ်ပြီး ဦးမောင်ကြီးရဲ့ သမီးဖြစ်သူဟာ ဆေးရုံပို့စဉ် လမ်းမှာ သေဆုံးတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပြင်ဦးလွင်မှာ ဒီလိုဖြစ်တာမကြားဖူးဘူး။ ရန်ညှိုးကြောင့်ထင်တယ်။ ဘာပစ္စည်းမှ ယူမသွားဘူးလို့တော့ ကြားတယ်” လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ကြက်ခြံမှာ အလုပ်သမားလင်မယား နှစ်တွဲရှိပြီး လွန်ခဲ့တဲ့ ၃ ရက်လောက်က အလုပ်သမားစုံတွဲတတွဲဟာ စကားများပြီးပြန်သွားခဲ့ကာ ကျန်ခဲ့တဲ့ အလုပ်သမားစုံတွဲမှာလည်း လူသတ်မှုဖြစ်ပွားချိန် ကြက်ခြံမှာ မရှိတော့ဘူးလို့ သိရပါတယ်။